
ဩစတြီးယားဟာ ဒရုန်းတိုက်ခိုက်မှုတွေကို ခုခံကာကွယ်ဖို့ သူ့ရဲ့ဗျူဟာကို တိုးချဲ့ဖို့ ရည်ရွယ်ထားကြောင်း ကာကွယ်ရေးဝန်ကြီး ကလောက်ဒီယာ တန်းနာက အောက်တိုဘာ ၂၉ ရက်က ဗီယင်နာမှာ ပြောကြားခဲ့ပါတယ်။
ဒါဟာ လူမပါတဲ့ လူမဲ့စနစ်တွေကို ထောက်လှမ်းခြင်း၊ နှောင့်ယှက်ခြင်းနဲ့ တိုက်ဖျက်ခြင်းတို့ကို အားကောင်းစေပြီး လက်ရှိကျင့်သုံးနေတဲ့ အစီအမံတွေအပြင် ဒရုန်းကာကွယ်ရေးမှာ ပါဝင်တဲ့ အေဂျင်စီတွေ အတွက်လည်း ပူးတွဲဖိုရမ်တခု ဖွဲ့စည်းဖို့ရှိတယ်လို့လည်း ဆိုပါတယ်။
ဩစတြီးယား တပ်မတော်ဟာ ဒရုန်းတွေကို တိုက်ဖျက်ရာမှာလည်း အသုံးပြုနိုင်တဲ့ Sky Ranger ကို ပထမဆုံး ရရှိသူတွေထဲမှာ ပါဝင်နေပေမဲ့ ကိုယ့်နိုင်ငံလေပိုင်နက်ကို ထိထိရောက်ရောက် ကာကွယ်ချင်ရင်တော့ ဥရောပ ဒုံးကျည်ကာကွယ်ရေးဒိုင်း Skyshield ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ခြင်းဟာ မဖြစ်မနေ လုပ်ဆောင်ရမယ့် အစီအမံတွေထဲက တခု ဖြစ်တယ်လို့လည်း ဩစတြီးယား ကာကွယ်ရေးဝန်ကြီး တန်းနာက ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ယော့ဂ်လိုက်ချ်ဖရိဒ် ကလည်း ဒရုန်းတွေကို သူလျှိုလုပ်ငန်းနဲ့ ဖျက်ဆီးရေးအတွက်လည်း အသုံးပြုကြပြီး အဲဒီတိုက်ခိုက်မှုတွေကို ဘယ်နိုင်ငံမှ ကင်းလွတ် ရှောင်လွှဲလို့ မရနိုင်ဘူးလို့ ပြောပါတယ်။
ဩစတြီးယားဟာ အဲဒီတိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်ဖြစ်နိုင်ကြောင်းနဲ့ ဖြစ်လာနိုင်ခြေ ရှိတယ်လို့လည်း ဆိုပါတယ်။
အရင်စစ်မြေပြင်ပုံစံတွေကို ကျော်လွန်ပြီး ဒရုန်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုတွေ တိုးလာနေချိန်မှာ ဒီအစီအစဉ် ပေါ်ပေါက်လာခြင်းဖြစ်တယ်လို့ ၃ ပါတီ ညွန့်ပေါင်းအစိုးရရဲ့ အဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီ ၃ ပါတီ ညွန့်ပေါင်းအဖွဲ့မှာ ရှေးရိုးစွဲ OVP၊ ဗဟို-လက်ဝဲ SPO နဲ့ လစ်ဘရယ် NEOS အစိုးရတို့ ပါဝင်ပါတယ်။
အထူးသဖြင့် ဩစတြီးယားလို သေးငယ်တဲ့နိုင်ငံ မဟုတ်ဘဲ ဘယ်ဥရောပနိုင်ငံမှ ရုရှားဆိုက်ဘာ တိုက်ခိုက်မှုတွေ သို့မဟုတ် အဝေးထိန်းဒရုန်း တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ Neos ပါတီခေါင်းဆောင် ယန်းနစ်ခ် ရှတ်တီက ပြောပါတယ်။
Source: Reuters


