
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အောက်တိုဘာ ၃၀ ရက် မနက် ၁၁ နာရီလောက် လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
လက်ပစ်ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲတာ ကြားရပြီး ရပ်ကွက်ရုံးအတွင်းကို လူနာတင်ကားတွေ အချက်ပေး ဥသြတွေဆွဲပြီး ဝင်တာ တွေ့ရတယ်လို့ ဆိုပါတယ်။
Mother Son Force တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ဘိုနိုင်က “ကျနော်တို့ MSF အဖွဲ့နဲ YA အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ လက်ပစ်ဗုံး ၂ လုံးနဲ့ အနီးကပ် ဝင်ပစ်ခဲ့တာ၊ ၃ ယောက်ထိတယ်၊ တယောက်ကတော့ သေဖို့များတယ် ထိတဲ့သူ ၃ ယောက်ထဲက ရာအိမ်မှူး ဆိုသူကတော့ သေဖို့များတယ်၊ သူတို့ ရွေးကောက်ပွဲအတွက် အစည်းအဝေး လုပ်နေတဲ့အချိန်ဖြစ်ပြီး သွားရောက်ပစ်တဲ့အချိန်နဲ့တိုးတာ၊ သူတို့ကို စာထုတ်ထားတယ်လေ၊ သူတို့က မလုပ်နိုင်ဘူးထင်ပြီး အတင့်ရဲလို့ မနက်ပိုင်းကို ထိထိမိမိ လုပ်ပြလိုက်တာ” လို့ ပြောပါတယ်။
ရန်ကုန်မြို့နယ်အတွင်းမှာ စစ်ကောင်စီကပြုလုပ်မဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မပါဝင်ကြဖို့နဲ့ စည်းရုံးလှည့်လည် ဟောပြောမှု ပြုလုပ်တဲ့ နေရာတွေနဲ့ ဝေးဝေးနေကြဖို့ ရန်ကုန်မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေး လှုံ့ဆော်ထားတယ်လို့ ရန်ကုန်မြို့နေထိုင်သူတွေဆီက သိရပါတယ်။


