
ရုရှားတပ်ဖွဲ့တွေက ယူကရိန်းအရှေ့ပိုင်းကို အကြီးအကျယ် ထိုးစစ်ဆင်နေပြီး မဟာဗျူဟာအရ အချက်အချာကျတဲ့ ပိုကရော့စ်ခ်မြို့မှာ ခြေကုပ်ယူထားနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။
ဒီနယ်မြေထဲက ရုရှားစစ်သားတွေဟာ ယူကရိန်းထက် ၈ ဆလောက် ပိုပြီးများတဲ့အလျောက် ဒါကို ယှဉ်နိုင်ဖို့ရာ မလွယ်ကူကြောင်း ဖော်ပြထားပါတယ်။
၂ နှစ်ကြာတဲ့အထိ ရုရှားဘက်က ပိုကရော့စ်ခ်ကို သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပြီး သူတို့စီစဉ်ထားတဲ့ ရလဒ်အတိုင်းတော့ မအောင်မြင်သေးပါဘူး။
ပိုကရော့စ်ခ်ဟာ မြို့ငယ်လေးတခု ဖြစ်ပေမဲ့လည်း ယူကရိန်းအရှေ့ပိုင်း စစ်မျက်နှာအတွက် လိုအပ်တဲ့ပစ္စည်းတွေနဲ့ စစ်ကူပို့ဆောင်ရာမှာ အဓိကျတဲ့ဗဟိုချက် ဖြစ်ပါတယ်။
အခုလိုမျိုး ရုရှားဘက်က ခြေကုပ်ယူနိုင်ခဲ့တာကြောင့် ဒွန်နက်ခ် ဒေသတခုလုံးကို သိမ်းပိုက်နိုင်ဖို့အတွက် ပိုမိုနီးကပ်စေခဲ့ပါတယ်။
ယူကရိန်းအရှေ့ပိုင်း စစ်ဆင်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း “ရုရှားတပ်တွေကို တားဆီးနိုင်ဖို့ ခက်ခဲနေတယ်” ဆိုပြီး ဝန်ခံသွားပါတယ်။
ပုံမှန်အားဖြင့် ယူကရိန်းက ရုရှားထိုးစစ်ကို တန်ပြန်ရာမှာ ဒရုန်းအသုံးပြုလေ့ ရှိပေမဲ့လည်း မိုးရွာသွန်းပြီး မြူတွေဆိုင်းနေတဲ့ ရာသီဥတုကြောင့် ပစ်မှတ်ထား တိုက်ခိုက်နိုင်ဖို့ရာ အခက်တွေ့နေတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ပိုကရော့စ်ခ်မြို့အနီးမှာ ရုရှားတပ်တွေက စစ်သည်အင်အားနဲ့ စစ်လက်နက်ပစ္စည်း အများအပြားကို စုစည်းထားသလို ခြေလျင်တပ်သားတွေအပေါ် အကာအကွယ်ပေးဖို့အတွက် သံချပ်ကာယာဉ်တွေလည်း အသုံးပြုနေပါတယ်။
လက်ရှိ ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်တွေ လျော့ပါးလာတာနဲ့အမျှ ဥရောပ-မဟာမိတ်တွေဆီက ဘဏ္ဍာရေးအထောက်အပံ့ကို လိုအပ်နေပြီဖြစ်ကြောင်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး အနေနဲ့ မှတ်ချက်ပြုပါတယ်။
ဒါမှသာ နောက်ထပ် ၂နှစ်-၃နှစ် ကြာအောင် ရုရှားတပ်တွေနဲ့ ဆက်လက်တိုက်ခိုက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေါ်နယ်ထရမ့်ပ်နဲ့ ရှီကျင့်ဖျင်တို့ကြား သီသန့်တွေ့ဆုံမှုကနေလည်း ရုရှားအတွက် တရုတ်ရဲ့ ထောက်ပံ့မှုတွေကို ဖြတ်တောက်ပေးဖို့ရာ မျှော်လင့်တယ်ဆိုပြီး ဖြည့်စွက်ပြောပါတယ်။
၂၀၂၂ ဖေဖော်ဝါရီလမှာ ရုရှားရဲ့ အလုံးစုံကျူးကျော်မှု စတင်ခဲ့ပြီးနောက် ယူကရိန်းပိုင်နက် ၂၀ ရာခိုင်နှုန်းအထိ မော်စကိုအနေနဲ့ သိမ်းပိုက်ထားပါတယ်။




