
အခုနှစ်အတွင်း အင်အားအပြင်းဆုံးမုန်တိုင်း ဟာရီကိန်း မယ်လစ်ဆာဟာ ဂျမေကာ ကျွန်းနိုင်ငံကို ဝင်ရောက်တိုက်ခတ်အပြီးမှာ category 3 မုန်တိုင်းအဖြစ် အတန်ငယ် အားပျော့ပြီးတော့ ကျူးဘားနိုင်ငံကို ဦးတည်သွားပြီ ဖြစ်ပါတယ်။
ဂျမေကာသမိုင်းမှာ အပြင်းထန်ဆုံး မုန်တိုင်းလည်းဖြစ်တဲ့ မယ်လစ်ဆာဟာ ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ချိန်က တနာရီ ၁၈၅ မိုင်အထိ လေတိုက်နှုန်းရှိခဲ့ပြီး အင်အားပြင်းထန်ခဲ့ပါတယ်။
အခုအခါမှာတော့ Category 3 မုန်တိုင်းအဖြစ် အင်အား အတန်ငယ် လျော့ကျသွားပြီး လေတိုက်နှုန်း တနာရီ ၁၂၅ မိုင်လောက်သာ ရှိတော့တယ်လို့ သိရပါတယ်။
ဂျမေကာနိုင်ငံ အနောက်တောင်ပိုင်းက စိန့်အဲလိဇဘက် ဒေသဟာ “ရေအောက်ရောက်နေသလို” ဖြစ်နေပြီး နေရာတချို့မှာ မိုးရေချိန် လက်မ ၃၀ အထိ ရှိနိုင်တာကြောင့် ရေကြီးရေလျှံမှုတွေ ကြုံတွေ့ နေရပါတယ်။
အမျိုးသမီးတယောက်က “လေတိုက်နှုန်းတွေဟာ အရမ်းပြင်းထန်လွန်းလို့ မတ်တပ်ရပ်ဖို့တောင် မဖြစ်နိုင်ဘူးလို့ ဒေသခံတယောက်က ဆိုသလို “ခေါင်မိုးကနေ ရေတွေယိုကျနေတယ်၊ အခြေအနေမကောင်းဘူး” လို့လည်း ပြောပါတယ်။
ဂျမေကာနိုင်ငံသား ၅ သိန်းကျော် လျှပ်စစ်မီးပြတ်တောက်နေပြီး ဆေးရုံတွေ၊ လူနေအိမ်တွေနဲ့ အခြေခံအဆောက်အအုံတွေ အများအပြား ပျက်စီးခဲ့ပါတယ်။
ဝန်ကြီးချုပ် အန်ဒရူးဟိုးနက်စ် ကတော့ မုန်တိုင်းရဲ့ အပျက်အစီး ပမာဏကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းဦးတည်နေတဲ့ ကျူးဘားနိုင်ငံမှာတော့ လူဦးရေ ၅ သိန်းနီးပါးကို ဘေးလွတ်ရာဆီ ကြိုတင်ရွှေ့ပြောင်းပေးထားရပါတယ်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ဒီမုန်တိုင်းကို ဂျမေကာအတွက် “ရာစုနှစ်ရဲ့မုန်တိုင်း” အဖြစ် သတ်မှတ်ခေါ်ဆိုခဲ့ပါတယ်။
မိုးလေဝသပညာရှင်တွေကလည်း မယ်လစ်ဆာမုန်တိုင်းကို ၂၀၀၅ ခုနှစ်က ဝီလ်မာ (Wilma) နဲ့ ၁၉၈၈ ခုနှစ်က ဂေးလ်ဘတ် (Gilbert) မုန်တိုင်းတွေပြီးရင် ကာရေဘီယံဒေသမှာ တတိယမြောက် အပြင်းထန်ဆုံး မုန်တိုင်းအဖြစ် သတ်မှတ်ထားပါတယ်။
Source: Reuters


