Home
မြန်မာသတင်း
နိုင်ငံအတွင်း အလုပ်လုပ်နိုင်သည့် လူငယ် အများအပြားရှိနေသေးဟု စစ်ခေါင်းဆောင်ပြော   
DVB
·
October 28, 2025

နိုင်ငံက လူငယ်တွေ ပြည်ပကို ရွှေ့ပြောင်းတာများနေပေမဲ့ အလုပ်လုပ်နိုင်သူတွေ အများကြီး ရှိနေသေးတယ်လို့ လူငယ်တွေကို အဓမ္မစစ်မှုထမ်းခိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက် နေပြည်တော်မှာလုပ်တဲ့ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်တဲ့ပွဲမှာ ပြောတာဖြစ်ပြီး သန်းခေါင်စာရင်း အချက်အလက်တွေအရ နိုင်ငံရဲ့ လူဦးရေဟာ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ်အဖြစ် နည်းနည်းလျော့လာတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

စစ်ခေါင်းဆောင်က “မိမိတို့နိုင်ငံ၏ လူငယ်များကြားတွင် ပြည်ပရွှေ့ပြောင်းသွားလာမှုများ မြင့်မားနေသော်လည်း တချိန်က မွေးနှုန်းမြင့်မားခဲ့သည့် အကျိုးဆက်ကြောင့် အလုပ်လုပ်နိုင်သည် လူငယ် လူရွယ် ဦးရေသည်လည်း ယခုတွင် များပြားနေဆဲဖြစ်ကြောင်း၊ တနည်းအားဖြင့် Demographic Bonus ဟု ခေါ်သည့် လူဦးရေဆုလာဘ် ရရှိနေဆဲကာလ ဖြစ်ကြောင်း၊ ထို့ကြောင့် လူဦးရေဆုလာဘ် ရရှိနိုင်သည့် အချိန်ကာလမကုန်ဆုံးမီ ၎င်းလူငယ်လူရွယ်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် မှန်ကန် ထိရောက်စွာ အကျိုးရှိရှိ ဆောင်ရွက်နိုင်ရန် စီမံပေးရန် အရေးကြီးကြောင်း” ပြောပါတယ်။

ဒီနေ့ထုတ်ပြန်တဲ့ သန်းခေါင်စာရင်း အစီရင်ခံစာအရ နိုင်ငံလူဦးရေဟာ ၅၁ ဒသမ ၄ သန်းဖြစ်ပြီး ၂၀၁၄ ခုနှစ်သန်းခေါင်းစာရင်းမှာတော့ ၅၁ ဒသမ ၅ သန်းလောက်ရှိပါတယ်။

လူငယ်တွေကို အကျိုးရှိရှိရင်းနှီးမြှုပ်နှံပေးရင် အနာဂတ်တွင် လူဦးရေဆုလာဘ်ရဲ့ ကောင်းကျိုးတွေကို ရမှာဖြစ်ပြီး ဒီလိုမဟုတ်ရင်တော့ လူဦးရေဆိုင်ရာ ဝန်ထုပ်ဝန်ပိုးနဲ့အတူ တည်ငြိမ်အေးချမ်းမှု လျော့နည်းလာပြီး အဆိုးဆုံးအခြေအနေအဖြစ် လူဦးရေဆိုင်ရာ ကပ်ဘေး ဖြစ်သွားနိုင်တယ်လို့လည်း သူက ပြောပါတယ်။

စစ်ခေါင်းဆောင်က “မိမိတို့နိုင်ငံသည် ပထဝီနိုင်ငံရေးအရ အရေးပါသည့် နိုင်ငံတနိုင်ငံ ဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများထက် လူဦးရေသိပ်သည်းမှု သိသိသာသာနည်းပါးနေကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ မိမိတို့နိုင်ငံ၏ လူဦးရေသည် ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် အနည်းငယ် လျော့ကျလာသည်ကို တွေ့ရှိရကြောင်း၊ ယင်းသည် မွေးဖွားနှုန်းကျဆင်းခြင်း၊ ရွှေ့ပြောင်းသွားလာမှု မြင့်မားလာခြင်းနှင့် မိသားစုပုံစံများ ပြောင်းလဲလာခြင်းတို့ကြောင့် စိန်ခေါ်မှုတခုဖြစ်သလို အခွင့်အလမ်းတခုဟုလည်း မှတ်ယူနိုင်ကြောင်း” လို့ ပြောတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးမှာလည်း အခု သန်းခေါင်စာရင်းရဲ့ လူဦးရေကိန်းဂဏန်းတွေက အထောက်အကူပြုနေတယ်လို့ စစ်ခေါင်းဆောင်က ထပ်ပြောပြီး တကယ်တမ်း မဲဆန္ဒရှင် စာရင်းတွေမှာတော့ သန်းခေါင်စာရင်းကို အခြေခံတာ မဟုတ်ဘဲ အမှားတွေ အများကြီးပါနေတာကို တွေ့ရပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းခိုင်းတာ၊ ဖိနှိပ်တာတွေကြောင့် လူငယ်တွေဟာ နေရပ်စွန့်ခွာနေကြရသလို စီးပွားရေးအလုပ်အကိုင် အခွင့်အလမ်း နည်းလာတာကြောင့် ပြည်ပ ထွက်ခွာသူတွေလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။

လူငယ်တွေအတွက် အကျိုးရှိရှိ ရင်းနှီးမြှုပ်နှံပေးဖို့ စစ်ခေါင်းဆောင်က ပြောနေပေမဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလကစလို့ အဓမ္မစစ်မှုထမ်းသင်တန်းဖွင့်ခဲ့တာဟာ အခု ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ သင်တန်းအမှတ်စဉ် ၁၈ ရှိလာပြီ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်းမှာ လူငယ်တွေအတွက် ကောင်းမွန်တဲ့ ပညာရေးစနစ်နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း မရှိ ဖြစ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024