
မြန်မာနိုင်ငံ၏ အိမ်နီးချင်းများ ကြောက်ရွံ့သင့်သည့် ရုရှား၏ အရှေ့တောင်အာရှ နျူကလီးယား ရည်မှန်းချက်များ။
ရုရှားနိုင်ငံပိုင် နျူကလီးယားကော်ပိုရေးရှင်း Rosatom သည် ၎င်းတို့၏ တိုးပွားလာသော ကမ္ဘာအနှံ့မှ စီးပွားဖက်များကို နျူကလီးယားစွမ်းအင်ထုတ်လုပ်ရေးနှင့် ထောက်ပံ့ရေးသည် နိုင်ငံရေး၏ အထက်တွင်ရှိသည်ဟု ထင်စေချင်သည်။ သို့သော်လည်း လက်တွေ့တွင်မူ Rosatom သည် သမ္မတ ဗလာဒီမာပူတင်၏ ပထဝီနိုင်ငံရေး မဟာဗျူဟာကြီးကို အကောင်အထည်ဖော်မည့် အခြားနည်းလမ်းတခုသာဖြစ်သည်။ မော်စကို၏ သြဇာလွှမ်းမိုးရေးနှင့် ထိန်းချုပ်ရေးအတွက် ရှာဖွေနေသည့် နည်းလမ်းများစွာထဲက တခုမှာ စွမ်းအင်အပေါ် မှီခိုနေရမှု ဖြစ်သည်။ အဆိုပါ အကြောင်းပြချက်များကြောင့် ပဋိပက္ခဖြစ်ပွားနေသော အရှေ့တောင်အာရှနိုင်ငံတွင် နျူကလီးယား ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်ရန် မကြာသေးမီကမှ ရုရှားနှင့် မြန်မာစစ်အုပ်စုတို့ကြား လက်မှတ်ရေးထိုးထားသော သဘောတူညီချက်ကို အာရှခေါင်းဆောင်များသည် အလေးအနက် စိုးရိမ်သင့်ပါသည်။
မြန်မာနိုင်ငံ စစ်အာဏာရှင် အဆက်ဆက်အပေါ် ရုရှား၏ ထောက်ခံပံ့ပိုးမှုပေးခဲ့ခြင်းသည် သမိုင်းတလျှောက် အထောက်အထားခိုင်လုံစွာရှိခဲ့ပြီးဖြစ်ပါသည်။။ နိုင်ငံအနှံ့ နေ့စဉ် လေကြောင်းမှ တိုက်ခိုက်မှုများ အပါအဝင် အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်အာဏာရှင်၏ စစ်ပွဲများတွင် ရုရှားလက်နက်များနှင့် လေယာဉ်များကို တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ကျုးလွန်နေသော ဖိနှိပ်မှုများအတွက် ရုရှား၏ ထောက်ခံအားပေးမှုကို နျူကလီယားအထွာဖြင့် ရရှိနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် မြန်မာ့သိပ္ပံနှင့် နည်းပညာဝန်ကြီးသည် ပထမဆုံးအကြိမ် လူသိရှင်ကြား နျူကလီးယား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို မော်စကိုတွင်လက်မှတ်ရေးထိုးခဲ့သည်။ နှစ်ဘက်စလုံးသည် ၎င်းတို့၏ ပရောဂျက်များကို အချိန်နှင့်အမျှဆက်လက် ဖော်ဆောင်လျက်ရှိကြသည်။ ၂၀၂၃ ခုနှစ်တွင် ရုရှားနှင့် မြန်မာတို့ကြား အဏုမြူစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် Rosatom ၏ ပါဝင်ပတ်သက်နေမှုကို လူသိရှင်ကြား အတည်ပြုပေးခဲ့သည်။ ယခုနှစ် မတ်လတွင် မော်စကို၌ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ပူတင်နှင့် မင်းအောင်လှိုင်တို့သည် သင့်တင့်သော နျူကလီးယား ဓာတ်အားပေးစက်ရုံအား မြန်မာနိုင်ငံတွင် တည်ဆောက်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံ ကပ္ပလီပင်လယ်ကမ်းရိုးတန်းရှိ အငြင်းပွားဖွယ်ရာ ထားဝယ်အထူးစီးပွားရေးဇုန်၌ ဆိပ်ကမ်းတခုနှင့် ရေနံချက်စက်ရုံတရုံ တည်ဆောက်ရန် နှစ်နိုင်ငံအကြား ကြီးမားသော အပေးအယူတခုကိုလည်း လွန်ခဲ့သောလတွင် လက်မှတ်ရေးထိုးခဲ့သည်။
Rosatom နှင့် မြန်မာစစ်အာဏာရှင်၏ ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများနှင့်ပါ ဆက်စပ်မှုရှိသည်။ ကော်ပိုရေးရှင်းသည် "နိုင်ငံရေး၏ အထက်တွင်" မရှိပါ။ ၎င်းသည် ဖိနှိပ်မှုကို တရားဝင်သာ ဖြစ်စေသည်။ ယူကရိန်းနိုင်ငံရှိ Zaporizhzhia နျူကလီးယား ဓာတ်အားပေးစက်ရုံ (ZNPP) ကို သိမ်းပိုက်ရာတွင် Rosatom ၏ ပါဝင်ပတ်သက်မှုကြောင့် ထိုအချက်မှာ ပို၍ပင် မြင်သာလာစေသည်။
၂၀၂၂ ခုနှစ် မတ်လကတည်းမှပင် Rosatom ၏အကူအညီဖြင့် ရုရှားတပ်များသည် ဥရောပ၏ အကြီးဆုံးနျူကလီးယားစက်ရုံကို သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် ZNPP စက်ရုံကို ရုရှားက သိမ်းပိုက်ပြီးချိန်မှ စ၍ များပြားလာသည့် စနစ်ကျကျ လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အထူးစိုးရိမ်စရာ ဖြစ်လာသည်။ အသက်ရှင်ကျန်ရစ်သူ အများအပြား၏ ထွက်ဆိုချက်များအရ Rosatom သည် ZNPP ဝန်ထမ်းများအား ညှဉ်းပန်းနှိပ်စက်ခြင်း၊ စစ်ဆေးမေးမြန်းခြင်းနှင့် ချုပ်နှောင်ထားခြင်းများတွင် ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေသည်။ ထို့အပြင် အဆိုပါကော်ပိုရေးရှင်းသည် ZNPP ဝန်ထမ်းများအား Rosatom နှင့် အလုပ်ခန့်အပ်မှုဆိုင်ရာ စာချုပ်များ ချုပ်ဆိုရန်နှင့် ရုရှားနိုင်ငံသားအဖြစ် ခံယူရန် အတင်းအကျပ် ဖိအားပေးရာတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ အနည်းဆုံး ZNPP ဝန်ထမ်းတဦး သေဆုံးသည်အထိ နှိပ်စက်ခံခဲ့ရကြောင်း အတည်ပြုပြီး ဖြစ်သည်။
အချို့သော ဖြစ်စဉ်များတွင် နျူကလီးယားစက်ရုံဝန်ထမ်းများသည် စစ်ကြောမေးမြန်းခံရခြင်း၊ ကိုယ်ထိလက်ရောက် နှိပ်စက်ခံရခြင်းနှင့် အိပ်ချိန်မလုံလောက်ခြင်းတို့နှင့် ရင်ဆိုင်ရသည့်တိုင် အဆိုပါ ညှဉ်းပန်းမှုများ ပြီးသည်နှင့် တပြိုင်နက် ချက်ချင်း လုပ်ငန်းခွင် ပြန်ဝင်ရန် အတင်းအကျပ်ခိုင်းစေခြင်းပင် ခံခဲ့ရသည်။ အဆိုပါ ညှဥ်းပန်းနှိပ်စက်ခံခဲ့ရသည့် ဝန်ထမ်းများသည် ကြီးမားသော အပြောင်းအလဲများကို ဖြစ်စေသည့်အတွက် လုပ်ဆောင်မှုများအား ဆောင်ရွက်နေရသဖြင့် ထိုညှဉ်းပန်းမှုများသည် နိုင်ငံတကာ နျူကလီးယားဘေးကင်းရေးနှင့် လုံခြုံရေးကို တိုက်ရိုက် အန္တရာယ်ဖြစ်စေနိုင်သည်။ ရုရှားသည် လက်ရှိအချိန်တွင် လုံခြုံစွာ အေးခဲ ပိတ်ထားသော ZNPP ၏ ဓာတ်ပေါင်းဖိုခြောက်ခု အနက်မှ တခု သို့မဟုတ် တခုထက်ပိုသော ဓာတ်ပေါင်းဖိုများကို ပြန်လည်စတင်ကာ အန္တရာယ်ကို ပိုကြီးစေရန် ကြံစည်မည့် အရိပ်အယောင် သက်သေများအရ နျူကလီးယား လုံခြုံရေးကို လျစ်လျူရှူ မထားသင့်ကြောင်းနိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ကလည်း သတိပေးထားသည်။
ယူကရိန်းရှိ ၎င်း၏လုပ်ရပ်များမှာ သိသာထင်ရှားသောကြောင့် Rosatom အား နိုင်ငံရေးကင်းရှင်းသော အဖွဲ့အစည်းအဖြစ် သတ်မှတ်၍ မရနိုင်ပါ။ ယင်းအစား၊ ၎င်းသည် ရုရှားနိုင်ငံ၏ လက်ရုံးအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး ထို့အတွက်လည်း တာဝန်ခံရမည်ဖြစ်သည်။ စွမ်းအင်လုံခြုံရေးသည် ထိပ်တန်းဦးစားပေးဖြစ်နေသည့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုကြီးမားသော အာရှတဝှမ်းရှိ နိုင်ငံများအတွက် Rosatom သည် အခွင့်အလမ်းတစ်ခု ကမ်းလှမ်းလာပုံရသည်။ သို့သော်လည်း ၎င်းတို့ကြောင့် အမှန်တကယ် တွေ့ကြုံရမည်များမှာ ရေရှည် အန္တရာယ်ဖြစ်နိုင်သည့် နိုင်ငံရေးမှီခိုမှု၊ ဂုဏ်သိက္ခာ ထိခိုက်မှုနှင့် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများတွင် ပါ၀င်ပတ်သက်ရမှုတို့သာ ဖြစ်သည်။
မည်သည့် နျူကလီးယားစီမံကိန်းကိုမဆို အကဲဖြတ်ရာတွင် ထိရောက်မှုနှင့် ကုန်ကျစရိတ် သာမက တရားဥပဒေ၊ လူ့ကျင့်ဝတ်နှင့် ကိုက်ညီမှု ရှိ မရှိကိုပါ အကဲဖြတ်ရမည်။ ယခုချိန်တွင် Rosatom နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းသည် စစ်ရာဇ၀တ်မှုများနှင့် နျူကလီးယား ဘေးကင်းရေး ချိုးဖောက်မှုများ ကျူးလွန်ရာတွင် ပါဝင်ပတ်သတ်နေပြီး ဖိနှိပ်ချုပ်ချယ်သော အာဏာရှင် အစိုးရများအတွက် ထောက်ပံ့ပေးနေသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတခုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ခြင်းသာ ဖြစ်သည်။
မြန်မာနိုင်ငံတွင် Rosatom ၏ ပါဝင်ပတ်သက်မှုကို ဆန့်ကျင်ရန်နှင့် ယူကရိန်းတွင် ကျူးလွန်ခဲ့သော ၎င်း၏လုပ်ရပ်များကို ရှုတ်ချရန် အစိုးရများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သိပ္ပံဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အလုပ်သမားသမဂ္ဂများကို ကျွန်ုပ်တို့ တိုက်တွန်းအပ်ပါသည်။ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးသည် Rosatom နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများနှင့် နျူကလီးယားပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်းရပ်ဆိုင်းသင့်ပြီး၊ ယူကရိန်းနှင့် မြန်မာနိုင်ငံရှိ ရာဇ၀တ်မှုများတွင် Rosatom ၏ ပါဝင်နေမှုကို စုံစမ်းစစ်ဆေးသင့်သည်။ ထို့နောက် နိုင်ငံတကာစံနှုန်းများကို ကျင့်သုံးရန်နှင့် ကုလသမ္ဂအဖွဲ့အစည်းများနှင့် Global Compact ကဲ့သို့သော တရားဝင်အသိမှတ်ပြုမှုပေးသည့် ပလက်ဖောင်းများမှ Rosatom အား ဖယ်ထုတ်ရန် ကုလသမ္ဂအဖွဲ့အစည်းများနှင့် IAEA အား တွန်းအားပေးသင့်သည်။ နျူကလီယား ဘေးအန္တရာယ်ကင်းရှင်းရေးသည် ZNPP အပြင် မည်သည့် အခြားသော လုပ်ဆောင်မှုများနှင့်မျှ ညှိနှိုင်း၍ မရသော အခြေအနေတခုအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။ မတရားသဖြင့် ဖမ်းဆီးခံထားရသည့် ZNPP အလုပ်သမားများနှင့် အခြားဖိနှိပ်မှုခံနေရသည့်သူများအတွက်လည်း သေချာသည့် တရားမျှတမှု ရှိသင့်သည်။ ယူကရိန်းနှင့် မြန်မာ့ လူ့အခွင့်အရေး ကာကွယ်သူများဖြစ်သည့် ကျွန်ုပ်တို့အနေဖြင့် ဤ အဆင့်များသည် ကျွန်ုပ်တို့၏ လုံခြုံရေးအတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်။
နျူကလီးယားစွမ်းအင်ကို အဏုမြူ၏ ဖျက်ဆီးနိုင်စွမ်းနှင့် ခွဲခြား၍ မရသလိုပင် နျူကလီးယားအသုံးပြုမှု၏ တာဝန်ယူမှု၊ တာဝန်ခံမှုသည် ပါ၀င်ပတ်သက်နေသည့် လူပုဂ္ဂိုလ်များ၏ သဘောသဘာဝနှင့် ခွဲခြား၍မရပါ။ အကယ်၍ မြန်မာနိုင်ငံမှစ၍ ယူကရိန်းနိုင်ငံအထိ ကျူးလွန်နေကြသော ရက်စက်ကြမ်းကြုတ်မှုများထဲတွင် Rosatom ၏ ပါဝင်ပတ်သတ်နေမှုကို ကမ္ဘာက ဆက်လက်သည်းခံနေပါက ညှဉ်းပန်းနှိပ်စက်မှု၊ အလုပ်အကိုင်နှင့် နိုင်ငံနောက်ခံ အားကိုးဖြင့် ချိုးဖောက်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စွမ်းအင် အပေးအယူ လုပ်ခြင်းဖြင့် ရှောင်လွှဲနိုင်သည်ဟု အဓိပ္ပါယ် သက်ရောက်စေပြီး အန္တရာယ်ကြီးသော သတင်းစကား ပါးသလို ဖြစ်နေနိုင်ပါသည်။
Oksana Pokalchuk၊ စိုင်းအာကာနှင့် Aliona Kazanska တို့ ပူးပေါင်း ရေးသားသည်။
Ref: The Diplomat
(Oksana Pokalchuk သည် ယူကရိန်းနှင့် အရှေ့ဥရောပရှိ ပဋိပက္ခသက်ရောက်မှုဒဏ်ခံရသော နယ်မြေများ၊ ကော့ကေးဆပ်နှင့် အာရှအလယ်ပိုင်း ဒေသများတွင် နိုင်ငံတကာ ရာဇ၀တ်မှုများနှင့် အခြားသောပြင်းထန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်နေသည့် လွတ်လပ်ပြီး တာဝန်ယူမှုအတွက် အားစိုက်လုပ်ဆောင်သော အဖွဲ့အစည်းဖြစ်သည့် Truth Hounds ၏ တွဲဖက်အမှုဆောင် ဒါရိုက်တာဖြစ်သည်။ စိုင်းအာကာနှင့် Aliona Kazanska တို့သည် Fortify Rights အဖွဲ့မှ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးမှု တာဝန်ခံများဖြစ်သည်။)




