
ရုရှားနဲ့ ဆက်ဆံရေးပြုလုပ်တဲ့အခါ တရုတ်နိုင်ငံက အမေရိကန်ကို ကူညီပေးစေလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လေယာဉ်ပေါ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်ဟာ ပူတင်နဲ့တွေ့ဆုံမဲ့ ဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ပြီးနောက် ရုရှားရဲ့ ရေနံကုမ္ပဏီကြီး ၂ ခုကို အရေးယူမှုတွေ စတင်ပြုလုပ်ထားပါတယ်။
စီးပွားရေးပိတ်ဆို့မှုတွေ ခံနေရတဲ့ ရုရှားနိုင်ငံဟာ အိန္ဒိယနဲ့ တရုတ်ကို အဓိက ကုန်သွယ်မှု ပြုလုပ်နေပြီး ထရမ့်က ရုရှားရေနံတွေ ဝယ်နေတဲ့ အိန္ဒိယကို အခွန်တိုးကောက်ဖို့ အမိန့်ထုတ်ထားပါတယ်။
သမ္မတ ထရမ့်ပက “ရုရှားနဲ့ ဆက်ဆံတဲ့အခါမှာ တရုတ်က ကျနော်တို့ကို အကူအညီပေးစေလိုပါတယ်။ ရုရှားကို ကျနော်တို့ ကြီးမားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။ ရုရှားအတွက် ကြီးမားတဲ့ စီးပွားရေး ထိခိုက်မှုတွေဖြစ်အောင် ကျနော်တို့ ဆက်ပြီး ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်သွားမှာပါ။ ရုရှားနိုင်ငံက အင်အားကြီးနိုင်ငံဖြစ်လို့ တရုတ်က ကျနော်တို့ကို ကူညီစေချင်ပါတယ်။ အားလုံးသိတဲ့အတိုင်း တရုတ်သမ္မတရှီနဲ့ ကျနော် ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။ ကျနော်တို့ ၂ ယောက်ရဲ့ ကြီးကျယ်တဲ့ ဆွေးနွေးပွဲလည်း ရှိနေပါတယ်။ ရှီနဲ့ ကျနော် ကောင်းမွန်တဲ့ စီးပွားရေးကိစ္စတွေ ဆွေးနွေးဖို့ စဉ်းစားထားပါတယ်။ တွေ့ဆုံမှုမှာ ရုရှား-ယူကရိန်းအကြောင်းလည်း ဆွေးနွေးမဲ့ အချက်တခုအဖြစ်ပါဝင်မှာပါ။ အဲဒီစစ်ပွဲကြောင့် ၁ ပတ်အတွင်း လူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ရှီလည်း ဒီစစ်ပွဲကို ရပ်ဖို့ ဆန္ဒရှိမှာပါ” လို့ ပြောပါတယ်။
ထရမ့်ပ်ဟာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အောက်တိုဘာ ၃၀ ရက်နေ့ တောင်ကိုရီးယားနိုင်ငံမှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ထရမ့်ပ်ရဲ့ အာရှခရီးစဉ်မှာ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်းနဲ့လည်း တွေ့ဆုံဖို့ အဆင်ပြေတယ်ဆိုပြီးလည်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
Source:Reuters




