
ရုရှားကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်လုပ်ဆောင်ပြီး ယူကရိန်းကို ပိုမို ထောက်ပံ့ပေးဖို့ ဥရောပခေါင်းဆောင်တွေနဲ့ နေတိုးအဖွဲ့အကြီးအကဲတွေက အောက်တိုဘာ ၂၄ ရက်မှာ ကတိပြုခဲ့ကြပါတယ်။
လန်ဒန်မှာ ဆန္ဒရှိသူများမဟာမိတ်အဖွဲ့ တွေ့ဆုံမှုအပြီး ယူကရိန်းကို တာဝေးပစ်လက်နက်တွေ ပေးပို့မှုနဲ့ လေကြောင်းကာကွယ်ရေး လက်နက်တွေ ပေးပို့မှု တိုးမြှင့်ဖို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲအပြီးမှာ ဗြိတိန်ဝန်ကြီးချုပ် စတာမာ၊ နယ်သာလန်ဝန်ကြီးချုပ်၊ ဒိန်းမတ်ဝန်ကြီးချုပ်၊ နေတိုးအထွေထွေအတွင်းရေးမှူးနဲ့ ယူကရိန်သမ္မတ ဇလန်းစကီးတို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဥရောပခေါင်းဆောင်တွေက ကမ္ဘာမှာ ရုရှားရေနံ အသုံးပြုမှု တဖြည်းဖြည်း လျော့ချသွားမှာဖြစ်ကြောင်းနဲ့ ဥရောပမှာ ထိန်းသိမ်းထားတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို ယူကရိန်းနိုင်ငံရဲ့ ပြန်လည်တည်ဆောက်ရေးအတွက် ရန်ပုံငွေအဖြစ် ပြောင်းလဲအသုံးပြုသွားမယ်လို့ ပြောပါတယ်။
ရုရှားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့အား ဒဏ်ခတ်အရေးယူမှုတွေကို ဗြိတိန်နိုင်ငံက ဦးဆောင်ပြုလုပ်ခဲ့ပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂကလည်း နောက်ကနေ လုပ်ဆောင်ခဲ့တဲ့အကြောင်း စတာမာက ပြောပါတယ်။
ဗြိတိန်ဟာ ယူကရိန်းကို ဘက်စုံသုံး ဒုံးကျည် ၅၀၀၀ ကျော် ပံ့ပိုးပေးဖို့ စီစဉ်ထားကြောင်းနဲ့ ဒုံးကျည် ၁၄၀ ပေးပို့ထားပြီးပြီလို့ စတာမာက ပြောခဲ့ပါတယ်။
ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလေယန်းကလည်း အီးယူအဖွဲ့ဝင်တွေဟာ ရုရှားအပေါ် ၁၉ ကြိမ်မြောက် စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ဖို့ အောက်တိုဘာ ၂၃ ရက်မှာ အတည်ပြုခဲ့ပါတယ်။
အဲ့ဒီအထဲမှာ ရုရှားရဲ့သဘာဝဓာတ်ငွေ့တင်ပို့မှုအပေါ် ပထမဆုံးအကြိမ် အရေးယူမှုလည်း ပါဝင်ပါတယ်။
အီးယူကောင်စီက တရားဝင်ထုတ်ပြန်ချက်ထဲမှာ တဦးချင်းအရေးယူမှုအသစ် ၆၉ ယောက်ပါဝင်ပြီး စီးပွားရေးလုပ်ငန်းများကို ကန့်သတ်ခြင်း၊ ရုရှားရဲ့စွမ်းအင်၊ ဘဏ္ဍာရေးနဲ့ စစ်ရေး-စက်မှုကဏ္ဍတွေကို အဓိက ပစ်မှတ်ထားလုပ်ဆောင်မှုတွေ ပါဝင်ပါတယ်။
Source:Reuters




