
ရခိုင်-မကွေးအစပ်က နတ်ရေကန်ဗျူဟာစခန်းတိုက်ပွဲအရှိန်ကြောင့် သရက်မြို့နဲ့ အကျဥ်းထောင် မှာ လုံခြုံရေးတိုးမြှင့်ထားပြီး စစ်မီးကူးလာရင်ကြုံရမယ့် အန္တရာယ်အတွက် အကျဥ်းသားတွေ စိုးရိမ်နေတယ်လို့ သရက်ထောင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းအဖွဲ့တွေက နတ်ရေကန်ဗျူဟာစခန်းကုန်းကို အပြီးသတ်သိမ်းနိုင်ဖို့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး အဲဒီစစ်ဖြစ်တဲ့နေရာမှာ သရက်ထောင်နဲ့ သိပ်မဝေးတာကြောင့် အကျဉ်းသားတွေ စိုးရိမ်နေကြတာပါ။
သရက်အကျဥ်းထောင်နဲ့နီးစပ်သူတယောက်က "နတ်ရေကန်ဗျူဟာစခန်းနဲ့ဆို ၁၇ မိုင်လောက်ပဲဝေးတာ။ AA က စခန်းသိမ်းနိုင်ပြီးရင် ဒီဘက်ကိုလည်း ထိုးစစ်ဆက်ဝင်နိုင်တယ်။ အဲဒီအချိန်ကြရင် တော်လှန်ရေး အင်အားစုတွေကတော့ လုပ်မှာမဟုတ်ဘူး။ စစ်တပ်က ပစ်တဲ့ လက်နက်ကြီးတွေ ထောင်ဝင်းထဲကျမှာ လေယာဥ်က ဗုံးမှားကြဲမှာကိုစိုးရိမ်တာ"လို့ ပြောပါတယ်။
လက်ရှိမှာ စစ်တပ်က အောင်လံမြို့ဘက်က စစ်တပ်အင်အားကို သရက်မြို့ဘက်ကို ရွှေ့ထားပြီး တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်လာရင်ခုခံဖို့နဲ့ နတ်ရေကန်စခန်းတိုက်ပွဲအတွက် စစ်ကူလွှတ်ဖို့ ပြင်ဆင်နေပါတယ်။
စစ်ရေးနဲ့ပတ်သက်လို့ စိုးရိမ်တာတွေရှိနေပေမဲ့ ထောင်အတွင်းအကျဥ်းသားတွေကို နေရာရွှေ့ဖို့ ပြင်ဆင်တာမျိုးမတွေ့ရဘူးလို့လည်း သရက်ထောင်တွင်း သတင်းရင်းမြစ်က ပြောပါတယ်။
နတ်ရေကန်ဗျူဟာစခန်းဟာ စစ်ရေးအတွက်အရေးပါတဲ့ နေရာတခုဖြစ်ပြီး AAနဲ့ ပူးပေါင်းအဖွဲ့တွေအပြီး သိမ်းယူနိုင်ဖို့ နီးစပ်နေသလို စစ်ကောင်စီတပ်ကလည်း စစ်ကူအင်အားဖြည့်တာ၊ လေယာဥ်နဲ့ ဗုံးမကြာခဏကြဲတာမျိုးနဲ့ အသည်းအသန်ခုခံနေတယ် လို့ စစ်ရေးသတင်းတွေက ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေအနေနဲ့ နတ်ရေကန်စခန်းကို ထိန်းချုပ်နိုင်ခဲ့ရင် စခန်းရဲ့မြောက်ဘက် ၈ မိုင်အကွာ ငဖဲမြို့အနီးမှာရှိတဲ့ အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံအပါအဝင် အမြောက် ကျည်ဆန်ထုတ်တဲ့ ကပစ-၂ စက်ရုံ၊ တာဝေးပစ်ယာဥ်တင် ဒုံးထုတ်တဲ့ ကပစ-၁၀ စက်ရုံတို့ကို ခြိမ်းခြောက်နိုင်မှာ ဖြစ်ပါတယ်။


