Home
မြန်မာသတင်း
ကော်သူးလေး ဆရာ၊ ဆရာမများကို ထောက်ပံ့ကြေးပေးရန် အခက်အခဲကြုံနေ
DVB
·
October 25, 2025

ကော်သူးလေးဒေသက စာသင်ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေအတွက် ထောက်ပံ့ငွေပေးအပ်ဖို့ အခက်အခဲတွေ ကြုံတွေ့နေရတဲ့အတွက် ကလေးငယ်တွေရဲ့ အနာဂတ်ပညာရေးအပိုင်းမှာ စိုးရိမ်စရာ ထိခိုက်လာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနလက်အောက်က ပညာသင်ကျောင်းတွေမှာ အရေးပေါ်ရန်ပုံငွေ လိုအပ်နေပြီး ဆရာ ဆရာမတွေကို ထောက်ပံ့ဖို့ အခက်အခဲတွေ ကြုံနေကြရတယ်လို့ ကရင်ဆရာ၊ ဆရာမများအသင်းက အောက်တိုဘာ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကော်သူးလေးဒေသမှာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မူလတန်းကနေ အထက်တန်းအဆင့်အထိ စာသင်ကျောင်းပေါင်း ၁၇၃၈ ကျောင်း ဖွင့်လှစ်ထားပြီး ဆရာ၊ ဆရာမ အယောက် ၁၁,၄၀၀ က ကျောင်းသားကျောင်းသူ အယောက် ၁ သိန်းခွဲနီးပါးကို ပညာသင်ကြားပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့နှစ်တွေက ဆရာ ဆရာမတွေကို တနှစ်စာ ထောက်ပံ့ကြေး ဘတ် ၁၀,၅၀၀ ပေးခဲ့ရမှ ဒီနှစ် ဖေဖော်ဝါရီလကစတင်ကာ ရပ်ရွာဖွံ့ဖြိုးရေးထောက်ပံ့မှုတွေအတွက် အရေးကြီးတဲ့ နိုင်ငံတကာ ရန်ပုံငွေ အကူအညီတွေ လျော့သွားတဲ့အတွက် ဆရာ ဆရာမတွေကို ထောက်ပံ့ကြေးပေးနိုင်ဖို့ အခက်အခဲတွေ ကြုံနေရတာပါ။

ဒါကြောင့် ဆရာ ဆရာမတွေ နေ့စဉ်စားဝတ်နေရေးအတွက် ခက်ခဲလာနိုင်ပြီး သင်ကြားရေးအပိုင်းကို အားလျော့လာမှာလည်း စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန တာဝန်ရှိသူ တယောက်က “အပြင်မှာ ထိုင်းမှာသွားပြီး အလုပ်လုပ်တယ်ဆိုရင်တောင် သူတို့တလကို ဘတ် ရှစ်ထောင်၊ ကိုးထောင်ရနိုင်ခြေရှိတယ်။ သို့သော် ဒီကျောင်းမှာ ပညာသင်ပေးနေရတာကို တနှစ်ကို ဒီထက်နည်းတဲ့ ပမာဏပဲရကြတယ်။ ဒါကြောင့် သူတို့အနေနဲ့ စိတ်အားလည်းလျော့နိုင်တယ်၊ လုံလစိုက်ထုတ်မှုအချို့လည်း လျော့လာနိုင်တာ၊ ဒါကြောင့် ဆရာ ဆရာမတွေရဲ့ လိုအပ်ချက်ကို တတ်နိုင်သလောက်ဖြည့်တင်းပေးချင်တယ်” လို့ ပြောပါတယ်။

ဆရာ၊ ဆရာမတွေသာ သင်ကြားရေးအပိုင်းမှာ အားလျော့သွားရင် ကလေးတွေရဲ့ ပညာရေးအတွက်လည်း ထိခိုက်လာနိုင်မယ်လို့ ဆိုပါတယ်။

နှစ်စဉ် ကျောင်းသား ကျောင်းသူ အရေအတွက်တိုးလာသလို အကူအညီပေးမှုတွေလည်း ပိုလိုအပ်လာလို့  NGO, INGO အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာရောက် ကရင်အသိုက်အဝန်းကို လိုအပ်တဲ့ ရန်ပုံငွေဖြည့်ဆည်းကူညီပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024