Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ဆရာ၊ ဆရာမများ ငွေကျပ်သိန်းဆယ်ချီ လာဘ်ထိုးနိုင်မှ ပြောင်းရွှေ့ခွင့်ရ
DVB
·
July 23, 2025
Photo: NN

ဧရာဝတီတိုင်းမှာ ကျောင်းဆရာ၊ ဆရာမတွေအနေနဲ့ နေရာ အပြောင်းအရွှေ့ကိစ္စတွေအတွက် ငွေသိန်းဆယ်ချီ ပညာရေးမှူးရုံးအဆင့်ဆင့်ကို လာဘ်ထိုးနိုင်သူက ပြောင်းရွှေ့ခွင့်ရတယ်လို့ ပညာရေးအသိုက်အဝန်းကို သိရပါတယ်။

ဆရာ၊ ဆရာမတွေအနေနဲ့ နေရာအပြောင်းအရွှေ့ကိစ္စအတွက် ခရိုင်မြို့နယ်အဆင့် ပညာရေးမှူးရုံးတွေကို အနည်းဆုံး ကျပ်သိန်း ၄၀ မှ ၆၀ အထိ လာဘ်ထိုးငွေပေးမှ  ပြောင်းရွှေ့ခွင့်ရပြီး ငွေမပေးနိုင်ပါက အပြောင်းအရွှေ့ကိစ္စအတွက် မလွယ်ကူဘူးလို့ ဆိုပါတယ်။

ပညာရေးဝန်ထမ်းတယောက်က “နယ်မြေဒေသ မငြိမ်းချမ်းတဲ့ နေရာတွေမှာ တာဝန်မထမ်းဆောင်ချင်၊ မနေချင်ကြတော့ အပြောင်းအရွှေ့ တင်တာပေါ့နော်။ ငွေပေးမှ ရှောရှောရှူရှူ ပြောင်းရွှေ့ခွင့် အဆင်ပြေတယ်။ ငွေမပေးရင် အဆင်မပြေပါဘူး။ ပေးရတဲ့ငွေကလည်း ဆယ်ချီနေတာလေ။ ရိုးရိုးပညာရေးဝန်ထမ်းတွေအဖို့ မလွယ်ဘူး။ ကျောင်းအုပ်တွေကတော့ အဆင်ပြေတာပေါ့။ ငွေရွှင်တယ်လေ” လို့ ပြောပါတယ်။

ပညာရေးမှူးရုံး အဆင့်ဆင့်က အပြောင်းအရွှေ့တင်တဲ့ ပညာရေးဝန်ထမ်းတွေကို လုပ်သက်ရင့် ဆရာ၊ ဆရာမတွေကိုသာ ပြောင်းရွှေ့ခွင့်ပြုပြီး လုပ်သက်နည်းသူတွေကို အပြောင်းအရွှေ့ကိစ္စ ဆိုင်းငံ့ထားတယ်လို့ တုံ့ပြန်ပြောဆိုထားပြီး တောင်းတဲ့ ငွေပမာဏပေးပါက ခြွင်းချက်မထားတော့ဘဲ ပြောင်းခွင့်ပေးမှုတွေရှိတယ်လို့ သိရပါတယ်။

တိုင်းပညာရေးမှူးရုံးနဲ့  နီးစပ်သူက “ဟုတ်တယ်၊ ငွေမတတ်နိုင်ရင် အဆင်မပြေဘူး။ ဘယ်လို အခြေအနေပဲ ရောက်နေနေပေါ့။ တိုင်၊ ခရိုင်၊ မြို့နယ် အားလုံး ပညာရေးမှူးတွေကိုယ်တိုင်က လာဘ်စားနေတာ။ လာဘ်ငွေမရရင်တောင် သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကိုပဲ ရွှေ့ပြောင်းပေးတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေအနေနဲ့ အပြောင်းအရွှေ့ကိစ္စအတွက် ငွေကြေးတတ်နိုင်တဲ့ ကျောင်းအုပ်တွေကသာ မိသားစုနဲ့ နီးစပ်ရာ၊ အိမ်နဲ့ နီးစပ်ရာ၊ ရွာနဲ့ နီးစပ်ရာ ဒေသတွေမှာမှာနေရဖို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းကာ ပညာရေးမှူးရုံးကို လာဘ်ထိုးကာ မပြောင်းရွှေ့ရဘဲ နေနေရတယ်လို့ သိရပါတယ်။

အဲ့ဒီ ငွေပေးလာဘ်ထိုး မပြောင်းရွှေ့နိုင်တဲ့ ဆရာ၊ ဆရာမတွေအဖို့ ကျန်းမာရေး၊ လူမှုရေး၊ ငွေကြေး အခက်အခဲနဲ့ မိသားစု အသက်အန္တရာယ်အတွက်ပါအခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လ ပထမ အပတ်နဲ့ ဇူလိုင်လ ပထမ အပတ်မှာ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အပြောင်းအရွှေ့ကိစ္စ အဓိကလုပ်ပေးခဲ့ပြီး ငွေကြေးတတ်နိုင်တဲ့ ဆရာ၊ ဆရာမတွေသာ အဆင်ပြေပြီး ကြိုက်တဲ့ဒေသ ရွေးချယ်နေခွင့်ရခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013