Home
နိုင်ငံတကာ
ကနေဒါနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲအားလုံး ဖျက်သိမ်းလိုက်ပြီဟု ထရမ့်ပ် အတည်ပြု
DVB
·
October 24, 2025
Photo: Reuters

ကနေဒါနိုင်ငံနဲ့ ကုန်သွယ်ရေးအရ ဆွေးနွေးမှုမှန်သမျှကို ချက်ချင်းရပ်စဲလိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အတည်ပြုပါတယ်။

ဒါဟာ အမေရိကန်သမ္မတဟောင်း ရော်နယ်လ်ရေဂင်က အခွန်စည်းကြပ်မှုတွေနဲ့ ပတ်သက်ပြီး အပျက်သဘော ပြောထားတဲ့ ကြော်ငြာတခုကို ပြသခဲ့တာကြောင့် ဖြစ်ပါတယ်။

အဲဒီနောက် ထရမ့်ပ်က “ဆိုးရွားလွန်းလှတဲ့ သူတို့လုပ်ရပ်ကြောင့် ကနေဒါနဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲ အားလုံးကို အဆုံးသတ်လိုက်ပြီ” ဖြစ်ကြောင်း Truth Social ပေါ်မှာ ပို့စ်တင်ထားပါတယ်။

အဲဒီဗီဒီယိုဟာ အမေရိကန်တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို “ကြားဝင်စွက်ဖက်နိုင်ဖို့” ရည်ရွယ်တာ ဖြစ်တယ်လို့လည်း ထရမ့်ပ်ဘက်က စွပ်စွဲထားပါတယ်။

အခုလိုမျိုး ကမ္ဘာလုံးဆိုင်ရာ အခွန်စည်းကြပ်မှုတွေနဲ့ ပတ်သက်ပြီး လာမယ့် နိုဝင်ဘာလအတွင်း တရားဝင်မှု ရှိ၊ မရှိဆိုတာ အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။

တကယ်လို့သာ ဥပဒေနဲ့ မညီဘူးဆိုပြီး ဆုံးဖြတ်ခံရရင် အမေရိကန်မှာ အခွန်စည်းကြပ်မှုကနေ ရရှိထားတဲ့ ဒေါ်လာဘီလီယံချီ ဝင်ငွေကို ပြန်အမ်းပေးရတာမျိုး ဖြစ်လာနိုင်ပါတယ်။

တချိန်တည်းမှာ အမေရိကန်ဟာ ကနေဒါဘက်က ဝင်ရောက်လာတဲ့ သွင်းကုန်အများစုကို အခွန် ၃၅ ရာခိုင်နှုန်း ကောက်ခံနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကနေဒါရဲ့ ကဏ္ဍအလိုက် အခွန်စည်းကြပ်မှုတွေလည်း ချမှတ်ထားပြီး သတ္တုထုတ်ကုန်တွေအပေါ်  ၅၀ ရာခိုင်နှုန်းနဲ့ မော်တော်ကားတွေအပေါ် ၂၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။

ဒါပေမဲ့လည်း ထရမ့်ပ် ပထမသက်တမ်းအတွင်း မက္ကဆီကို၊ ကနေဒါ တို့နဲ့ ညှိနှိုင်းရရှိလာတဲ့ USMCA လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်အောက်က ကုန်စည်တွေကိုတော့ ကင်းလွတ်ခွင့် ပေးထားပါတယ်။

အထူးသဖြင့် သံမဏိ၊ အလူမီနီယမ်နဲ့ ကားတွေအပေါ် အခွန်ကောက်ခံမှုက ကနေဒါကို အပြင်းအထန် ထိခိုက်စေခဲ့ပြီး အလုပ်အကိုင် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့သလို စီးပွားရေးလုပ်ငန်းတွေ အတွက်လည်း ဖိအားများစေခဲ့ပါတယ်။

ဒါကြောင့် တရားရုံးချုပ် ဆုံးဖြတ်ချက်ဟာ သမ္မတထရမ့်ပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာ အတွက်ရော၊ သူ့စီးပွားရေးမူဝါဒ အတွက်ပါ အကြီးမားဆုံးသော စမ်းသပ်မှု ဖြစ်လာခဲ့ပါတယ်။

လောလောဆယ် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေး ဘက်က ထရမ့်ပ်ရဲ့ ကြေညာချက်ကို မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

အခုနှစ် အစောပိုင်းတုန်းကလည်း ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးဟာ ရေဂင်ရဲ့  ဗီဒီယိုအပိုင်းအစကို သုံးပြီး X လူမှုကွန်ရက်ပေါ်မှာ အလားတူ ဖော်ပြခဲ့ဖူးပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013