
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ရွာက ပအို့ကုမ္ပဏီရဲ့ ကျောက်စိမ်းလုပ်ကွက်ဟောင်းမှာ အောက်တိုဘာ ၂၃ ရက်က မြေစာပုံ ပြိုကျပြီး ရေမဆေးကျောက်သမား ၂ ယောက်သေဆုံးပြီး တယောက် ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ ညနေ ၄ နာရီလောက်က မြေစာပုံပေါ်မှာ ရေမဆေးသမားတွေ ကျောက်ရှာဖွေနေချိန် မြေစာပုံ ရုတ်တရက် ပြိုကျလာတဲ့အထဲ ၂ ယောက် သေဆုံးခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ကောင်လေးတယောက်လည်း ထိခိုက်ခဲ့တယ်လို့ ရေမဆေးသမားတယောက်က ပြောပါတယ်။
“မြေစာပုံပေါ်မှာ ကျောက်ရှာနေတဲ့ အချိန် ရုတ်တရက် မြေပြိုကျလာတာ။ မြေပြိုတဲအထဲ ရေမဆေး ၂ ယောက် ပါသွားတယ်။ ချက်ချင်းပဲ ဘက်ဟိုနဲ့ လိုက်ကော်ထုတ်သေးတယ်။ ပါသွားတဲ့ ၂ ယောက်ရဲ့ အသက်ကိုတော့ မကယ်လိုက်နိုင်ဘူး။ ရုပ်အလောင်းပဲ ပြန်ရတယ်ပေါ့လေ။ နောက်ထပ် ကောင်လေးတယောက်လည်း ခဲစလွင့်စင်လာတာ နည်းနည်းပါးပါး ထိခိုက်ဒဏ်ရာ ရထားတယ်။”
သေဆုံးသွားတဲ့ ရေမဆေးသမား ၂ ယောက်ဟာ ဖားကန့်ဒေသခံတွေ မဟုတ်ဘဲ ဝမ်းရေးအတွက် ရေမဆေးကျောက် လာရှာတဲ့ ရွေ့ပြောင်းလုပ်သားတွေလို့ ဆိုပါတယ်။
အရင် NLD အစိုးရလက်ထက်မှာ ရေမဆေးသမားတွေ အနေနဲ့ ကျောက်စိမ်း ကုမ္ပဏီလုပ်ကွက်တွေအထဲထိ အချိန်ပိုင်း ကျောက်ရှာဖွေးခွင့် ရရှိခဲ့ပေမဲ့ စစ်တပ်က အာဏာသိမ်းနောက်မှာတော့ ကုမ္ပဏီ လုပ်ကွက်ထဲ အရင်လို အချိန်နဲ့ ကျောက်ရှာဖွေခွင့် မရကြတော့ပါဘူး။
ဒါကြောင့် ရေမဆေးသမားတွေဟာ ကျောက်စိမ်း ကုမ္ပဏီလုပ်ကွက်က တူးဖော်ရှာဖွေပြီးနောက် စွန့်ပစ်ထားတဲ့ မြေစာပုံတွေမှာပဲ ထမင်းဖိုးသာသာ ကျောက်တခုရဖို့ အသက်နဲ့ရင်းပြီး ရှာဖွေနေကြရတာလို့ ရေမဆေးသမားတွေက ပြောပါတယ်။
ဖားကန့်မှာ နှစ်တိုင်း မြေစာပုံ ပြိုကျလို့ ရေမဆေးသမား အများအပြား သေဆုံးနေရပြီး အောက်တိုဘာ ၃ ရက်ကလည်း မှော်စီစာရွာက ကျောက်စိမ်းလုပ်ကွက်ဟောင်းမှာ မြေစာပုံပြိုကျလို့ ရေမဆေးသမားတယောက်သေဆုံးကာ တယောက် ထိခိုက်ခဲ့ပါတယ်။




