
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ၅ လကျော်ကြာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ် အင်အားတချို့ အခုရက်ပိုင်းအတွင်း ဖားကန့်-ကားမိုင်းလမ်းဘက်ကို ဦးတည်ပြီး ပြန်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကစပြီး ဖားကန့်မြို့နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေထဲက မှော်စီစာဘုရားကုန်းနဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ)နေရာမှာ တပ်စွဲထားတဲ့ စစ်ကြောင်းတွေ ပြန်ဆုတ်ခွာသွားပြီလို့ ဖားကန့်ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၄ ရက်လောက်ကစပြီး ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံကနေတဆင့် ကားမိုင်းဘက်ကို စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကြောင်းသွားလာနေတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “၁၄ ရက်နေ့လောက်ကစပြီး မှော်စီစာဘုရားကုန်းက ဆင်းလာတာ။ အမှိုက်ပုံဘက်လည်း တချို့ဆင်းသွားတယ် ကြားတယ်။ အားလုံးပြန်ဆုတ်သွားတာတော့ မဟုတ်ဘူး။ မော်ဝမ်းကြီး၊ မော်ဝမ်းလေး၊ မော်မောလျန် ဘက်နဲ့ တခြား စစ်တပ်နေရာယူထားတဲ့နေရာတွေမှာ ရှိသေးတယ်။ မြို့အဝင် ယမ်းချက်ကနေ ကားမိုင်းဘက် ဆင်းကြတယ်လို့ ကြားတယ်။ အင်အားက ၁၀၀-၂၀၀ ဝန်းကျင်” လို့ ပြောပါတယ်။
စစ်ကော်မရှင် စစ်ကြောင်းတချို့ ထွက်ခွာလာပြီးနောက် ဖားကန့်မြို့အနီးတဝိုက် လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရသေးပေမဲ့ တိုက်ပွဲဖြစ်နေတဲ့ မလန်းကျေးရွာဘက်မှာတော့ တိုက်ပွဲပြန်ငြိမ်သွားတာ ရက်ပိုင်းရှိပြီလို့ ဆိုပါတယ်။
လုံးခင်းကနေ လယ်ပြင်ယမ်းချက်စက်ရုံအထိ စစ်ကောင်စီစစ်ကြောင်း ထွက်ခွာသွားတဲ့ လမ်းတလျှောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပေမဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ထွက်ခွာသွားနိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုလို စစ်ကြောင်းတချို့ ဖားကန့်ဒေသထဲက ပြန်ထွက်ခွာသွားတာဟာ တပ်ချိန်းတာဖြစ်နိုင်သလို တခြားဒေသကို စစ်ကူပို့တာလည်း ဖြစ်နိုင်တယ်လို့ ဖားကန့်ကနေ မြစ်ကြီးနားကိုဆင်းလာတဲ့ ခရီးသည်တယောက်က ပြောပါတယ်။
“ဖားကန့်ကနေ ဆင်းလာတဲ့ လမ်းတလျှောက်မှာ သူတို့စစ်ကြောင်းနဲ့တွေ့လို့ လမ်းမှာ တော်တော်ကြာသွားတယ်။ ၁၂ ဘီးကားတွေနဲ့ရော၊ စစ်သားတွေလိုက်လာတာ ၆ စီး ၇ စီးလောက် တွေ့လိုက်တယ်။ ပါဂျဲရိုးနဲ့ ကားသေးတွေလည်း ပါတယ်။ ဆိုင်းဖရာမရောက်ခင်လောက်မှာ ပိတ်မိကြတာ ပေးမဖြတ်ဘူး။ ဖားကန့်ကနေ နန့်ယားတကျောက စစ်တပ်က ဂိတ်တွေ ထိုင်လိုက်တာ။ လမ်းမှာ အင်အား အဲ့လောက်အများကြီးတွေ့ခဲ့တာက တပ်ချိန်းတာလား စစ်ကူသွားတာလား တခုခုပဲ”
အခုလက်ရှိ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တပ်မ ၃၃ နဲ့ မိုးကောင်းအခြေစိုက် စကခ ၃ အပါအဝင် ရှမ်းနီပြည်သူ့စစ်ပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုး လှုပ်ရှားနေတာပါ။
ဖားကန့်မှာ ပြီးခဲ့တဲ့ ဧပြီလကစတင်ပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းထားတဲ့ စစ်အင်အားတွေ သုံးကြိမ်ထက်မနည်း စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာကြောင့် စစ်ကြောင်းထိုးထားတဲ့အင်အား ၁,၀၀၀ ဝန်းကျင် ရှိနိုင်တယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းတချို့ပြန်ပြီး ထွက်ခွာသွားပေမဲ့ အင်အားအများအပြား ဖားကန့်ဒေသမှာ ကျန်ရှိနေသေးတာကြောင့် ဖားကန့်တိုက်ပွဲက အခြေအနေက သတိထားစောင့်ကြည့်ရဦးမယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထိုးစစ် ၅ လကျော်အတွင်း ကားမိုင်း - နန့်ယား ဖားကန့်လမ်းပိုင်း၊ လုံးခင်းကျေးရွာအုပ်စုနဲ့ ဖားကန့်မြို့တွင်းနေရာတော်တော်များများကို စစ်တပ်က ဝင်ရောက်နေရာယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဟန်န




