Home
နိုင်ငံတကာ
ဓားစာခံအလောင်းများ လွှဲပြောင်းပေးအပ်ရန် အလေးအနက်ထားဟု ဟားမတ်စ် ပြော
DVB
·
October 22, 2025
Photo: Oren Ben Hakoon/Reuters

အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လိုက်နာမှုရှိကြောင်း ဟားမတ်စ်ခေါင်းဆောင်က ထပ်မံအတည်ပြုလိုက်ပြီး ဓားစာခံတွေရဲ့ နောက်ထပ် ရုပ်အလောင်းတွေကို ပြန်ပို့ပေးတာ အပါအဝင် သဘောတူညီချက် ပထမအဆင့်ရှိ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြည်ပရောက် ဟားမတ်စ် ခေါင်းဆောင်လည်းဖြစ်တဲ့ ညှိနှိုင်းရေးအကြီးအကဲ ခါလိလ် အယ်လ်ဟေယာက အီဂျစ် ရုပ်မြင်သံကြားဌာနနဲ့ အောက်တိုဘာ ၂၀ ရက် နှောင်းပိုင်းက စကားပြောဆိုရာမှာ ပြောဆိုခဲ့တာပါ။

သဘောတူညီချက်မှာ ပါရှိတဲ့အတိုင်း အလောင်းတွေအားလုံးကို ထုတ်ယူပြီး လွှဲပြောင်းပေးအပ်တဲ့ ကိစ္စရပ်ကို အဆုံးထိ ဆက်လုပ်ဆောင်သွားဖို့ စိတ်ပိုင်းဖြတ်ထားပြီးတော့ ဘယ်သူ့ရုပ်အလောင်းကိုမှ ချန်ထားရစ်ဖို့ ဆန္ဒမရှိဘူးလို့လည်း ခါလိလ် အယ်လ်ဟေယာက ပြောပါတယ်။

“ဓားစာခံတွေရဲ့ ရုပ်အလောင်းတွေကို သူတို့ရဲ့ မိသားစုတွေဆီ ပြန်ပို့ပေးမှာဖြစ်ပြီး ကျနော်တို့ရဲ့ အာဇာနည်တွေရဲ့ အလောင်းတွေကိုလည်း ဂုဏ်သိက္ခာရှိရှိ မြှုပ်နှံနိုင်ဖို့ သူတို့ရဲ့ မိသားစုတွေဆီ ပြန်ရောက်ရှိသွားပါစေ။ ကျနော်တို့နဲ့ ပါလက်စတိုင်းအဖွဲ့တွေဟာ သဘောတူညီချက်မှာ ဖော်ပြထားတဲ့အတိုင်း အလောင်းတွေ အားလုံးကို လွှဲပြောင်းပေးဖို့ အလေးအနက်ထားပြီး စိတ်ပိုင်းဖြတ်ထားပေမဲ့ ဒီအလောင်းတွေဟာ မြေပြင် သဘာ၀အပြောင်းအလဲကြောင့် တချို့က မြေအောက်မှာဖြစ်နေပြီး တချို့က ကြီးမားတဲ့ အထပ်မြင့်အဆောက်အအုံတွေအောက်မှာ ရောက်နေတာကြောင့် အဲဒီအတွက် အချိန်နဲ့ ကြီးမားတဲ့ စက်ကိရိယာတွေ လိုအပ်နေပါတယ်။”

စစ်ပွဲကို အစပျိုးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း ဟားမတ်စ်တွေ ဖမ်းဆီးသွားတဲ့ နောက်ထပ် ဓားစာခံတယောက်ရဲ့ ရုပ်အလောင်းကို တနင်္လာနေ့က ပြန်ပေးခဲ့ပြီး ဘယ်သူဘယ်ဝါဆိုတာ အစ္စရေး အာဏာပိုင်တွေက ဖော်ထုတ်ခဲ့ပါတယ်။

ဂါဇာမှာ ရုပ်အလောင်း ၁၅ လောင်းလောက် ကျန်ရှိနေသေးတယ်လို့ ယူဆရပြီး အဲဒီထဲက ၅ လောင်းလောက်ကို မကြာခင် ပြန်ရလိမ့်မယ်လို့ အစ္စရေးက မျှော်လင့်နေပါတယ်။

ကျန်ရုပ်အလောင်းတွေကို ပြန်ရယူနိုင်မယ့် လုပ်ငန်းစဉ်ကတော့ ပိုနှေးကွေးပြီး ပိုရှုပ်ထွေးဦးမှာဖြစ်တယ်လို့ မှန်းထားပါတယ်။

အစ္စရေးကလည်း ပါလက်စတိုင်းရုပ်အလောင်း ၁၅ လောင်းကို အောက်တိုဘာ ၂၁ ရက်မှာ ပြန်လွှဲပြောင်းပေးခဲ့တယ်လို့ ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေက ပြောကြားခဲ့ပြီး စုစုပေါင်း ၁၆၅ လောင်း ဂါဇာကို ပြန်ရောက်ရှိခဲ့ပြီလို့ ဆိုပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024