
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း ဟားမတ်စ်တို့က ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ နီပေါကျောင်းသား ဘီပင်းန် ဂျိုရှီရဲ့ ရုပ်အလောင်းကို အောက်တိုဘာ ၂၀ ရက်က ခတ္တမန္ဒူမြို့ကို အခမ်းအနားနဲ့ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။
အဲဒီအခမ်းအနားကို ဘီပင်းန်ရဲ့ မိသားစုဆွေမျိုးတွေ၊ ယာယီ နီပေါဝန်ကြီးချုပ် ဆူရှီလာ ကာကီနဲ့ နီပေါနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ် ရှမုလိခ် အာရီ ဘာ့စ်တို့ တက်ရောက်ခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ဂျိုရှီဟာ စိုက်ပျိုးရေးပညာကို လေ့လာဖို့ အစ္စရေးနိုင်ငံကို ရောက်ရှိခဲ့အပြီး ၃ ပတ်အကြာမှာပဲ ဟားမတ်စ်တွေရဲ့ ပြန်ပေးဆွဲတာကို ခံခဲ့ရတာပါ။
သူ့ရဲ့ရုပ်အလောင်းကို ဟားမတ်စ်အဖွဲ့က အစ္စရေးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်က လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
နီပေါ ယာယီဝန်ကြီးချုပ် ဆူရှီလာ ကာကီက “ဒီနေ့ဟာ ကျမတို့အတွက် ဝမ်းနည်းစရာအချိန်ပါပဲ။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ပြည်တွင်းပြည်ပမှာ နေထိုင်ကြတဲ့ နီပေါလူမျိုး သန်း ၃၀ ကျော်ဟာ ဘီပင်းန်ကို ရှာဖွေနေခဲ့ကြပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်အထိကို ဘီပင်းန် အသက်ရှင်နေသေးတယ်လို့ ခံစားနေကြရဆဲ ဖြစ်ပါတယ်။ သူ့ကို အသက်ရှင်လျက် ကြိုဆိုဂုဏ်ပြုဖို့ မျှော်လင့်ခဲ့ကြပေမဲ့ ဒီလိုမဖြစ်ခဲ့ပါဘူး။ အခုတော့ ဘီပင်းန်ဟာ ဒီကမ္ဘာမှာ မရှိတော့ပါဘူး။ သူ့အမိမြေကို ပြန်လာခဲ့ပါပြီ” လို့ ပြောပါတယ်။
အစ္စရေးနိုင်ငံမှာလည်း အောက်တိုဘာ ၁၉ ရက်က အောက်မေ့ဖွယ်အခမ်းအနား ကျင်းပချိန်အတွင်း သူ့ရဲ့ရုပ်အလောင်းကို ဝမ်းနည်းပူဆွေးသူတွေဟာ အရင် ဂါရဝပြုခဲ့ကြပါတယ်။
Source: Reuters




