
၂ နှစ်ကြာ စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်ထားပြီး အမေရိကန်က အခိုင်အမာ ကြားဝင်စီစဉ်ပေးတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကျိုးပေါက်အပြီး အစ္စရေးစစ်တပ်က ဂါဇာတောင်ပိုင်းကို လေကြောင်းကနေ အကြီးအကျယ် တိုက်ခိုက်ခဲ့ပါတယ်။
ရာဖာမြို့ကို တိုက်ခိုက်ပြီး နာရီပိုင်းအကြာမှာပဲ ပစ်မှတ် ဒါဇင်နဲ့ချီပြီး ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှု လှိုင်းလုံးကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က အောက်တိုဘာ ၁၉ ရက်မှာ ပြောပါတယ်။
အဲဒီဒေသမှာရှိတဲ့ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေက အစ္စရေးတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အစ္စရေးရဲ့ စွဲချက်ကို ပါလက်စတိုင်းအုပ်စုက ငြင်းဆိုထားပါတယ်။
ဟားမတ်စ်တို့ရဲ့ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုလို့ စွပ်စွဲခံရပြီးတဲ့နောက် ဂါဇာကမ်းမြောင်ဆီ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လွှဲပြောင်းပေးတာကို နောက်ထပ်အသိပေးချက် မရခင်အထိ ရပ်ဆိုင်းသွားမယ်လို့ အစ္စရေး လုံခြုံရေးအရာရှိတယောက်က သတင်းအေဂျင်စီတွေကို ပြော ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ တနင်္ဂနွေနေ့ မနက်ပိုင်းကစပြီး အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ပွဲကြောင့် ပျက်စီးနေပြီးသား နယ်မြေတလျှောက်မှာ ပါလက်စတိုင်း ၂၁ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဂါဇာမှာရှိတဲ့ အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ တပ်ဖွဲ့ဝင် ၂ ယောက် တနင်္ဂနွေနေ့က တိုက်ပွဲမှာ သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးတပ်တွေကို ဟားမတ်စ်တို့က ပစ်မှတ်ထား တိုက်ခိုက်တယ်လို့ ပြောပြီးတဲ့နောက် အမြောက်တွေနဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ခဲ့ပါတယ်။
Source: Reuters




