
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကနေ ကျောက်မဲကိုပြန်တဲ့ စစ်ရှောင်ကားကို ကိုးကန့်တပ် (MNDAA) က မယ်ဟန်ဂိတ်မှာတားပြီး လမ်းကြေးငွေ ကျပ် ၇၀,၀၀၀ တောင်းယူသွားတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၀ ရက်က လားရှိုးကနေ ကျောက်မဲကိုပြန်တဲ့ စစ်ရှောင် ၂၆၁ ယောက် လိုက်ပါလာတဲ့ ၂၁ စီးပါ ယာဥ်တန်းထဲက ၁၂ ဘီးယာဥ်ကို တားပြီး ငွေတောင်းယူတာကြောင့် ပေးလိုက်ရတာလို့ ဆိုပါတယ်။
ယာဥ်တန်းနဲ့လိုက်ပါလာတဲ့ စစ်ရှောင်အရေး ကူညီပေးသူတယောက်က “၁၂ ဘီးကားတစီးပါတယ်။ အဲဒီကားမှာ ပစ္စည်းတွေ တင်တာပေါ့။ နည်းနည်းတော့များတယ်။ လူကလည်း ၂၆၁ ယောက် ဆိုတော့။ အဲဒါ ဂိတ်ရောက်သွားတော့ ပရဟိတကားပါလို့ ပြောလည်း မရဘူး။ ကျောက်မဲ စစ်ရှောင်တွေကို ပြန်ပို့တာဆိုလည်း မရဘူး။ အဲဒါကို အခွန်ဆောင်ရမယ်ပဲ လုပ်နေတာ။ ကုန်မဟုတ်ဘူး၊ စစ်ရှောင်တွေရဲ့ပစ္စည်းလို့ ပြောလည်း မရဘူး။ ကုန်တင်ခတွေရော၊ လမ်းကြေးတွေရော ပေးခဲ့ရတယ်” လို့ ပြောပါတယ်။
အဲဒီအပြင် ကားခေါင်းနဲ့ ဘေးမှာလည်း စစ်ရှောင်ပြန်ပို့တဲ့ ယာဥ်တန်းဖြစ်ကြောင်း သိစေဖို့ စာကပ်ထားပေမဲ့ ငွေတောင်းယူသွားတာလို့ ဆိုပါတယ်။
“ပြန်လာတော့လည်း စာစီပြီးတော့ ကားမှာ ကျောက်မဲ စစ်ရှောင်များ ပို့ယာဥ်လို့ ရေးထားတာ။ မသိဘူးထင်တယ် သူတို့က။ တားတယ်။ တစီး ၁,၀၀၀ ပေးမယ် ရမလားဆိုတော့လည်း မရဘူး။ ပရဟိတကားပါ ဆိုတာကို ပရဟိတဆိုတာ ရဲလား၊ စစ်သားလားတဲ့၊ ရဲလည်း မဟုတ်ဘူး၊ စစ်သားလည်း မဟုတ်ဘူး။ မင်းတို့ သေနတ်ကိုင်ပြီးတိုက်လို့ ပြေးလာရတဲ့ ပြည်သူတွေကို ကျွေးထားတယ်၊ ပြန်ပို့တယ်၊ စေတနာအလုပ် လုပ်တာကို ပရဟိတလို့ခေါ်တယ် ဆိုတော့မှ အဲဒီခါမှ သွားလို့ရပြီတဲ့” လို့ ပြောပါတယ်။
အများပြည်သူကို ထိတွေ့ဆက်ဆံရတဲ့နေရာဖြစ်လို့ ပညာတတ်တဲ့သူ၊ ဥပဒေကို နားလည်သူ၊ လူ့အခွင့်အရေး နားလည်တဲ့သူ၊ ဗမာစကား လိပ်ပတ်လည်အောင် ပြောဆိုတတ်သူကို ထားပေးသင့်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်တဲ့ ဒေသတွေကို ပြန်ထိုးစစ်ဆင်နေတာကြောင့် နောင်ချို၊ ကျောက်မဲ၊ သီပေါနဲ့ နမ္မတူမြို့တွေက ဒေသခံတွေဟာ လားရှိုးမြို့ကို တိမ်းရှောင်လာကြရတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တွေကို ပြန်လည်ထိန်းချုပ်ပြီးနောက် ကျောက်မဲနဲ့ နောင်ချိုမြို့က စစ်ရှောင် ၂,၀၀၀ ကျော် နေရပ်ပြန်ကြပြီး နမ္မတူမြို့က စစ်ရှောင် ၂,၀၀၀ ကျော်ကတော့ လားရှိုးမှာ ရှိနေဆဲလို့ သိရပါတယ်။




