
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ ထွက်ပြေးနေကြရတဲ့ ပြည်သူတွေအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရွာသာကြီးကျေးရွာအခြေစိုက် နွေဦးအောင်ပွဲအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ဝက်လက်မြို့နယ်ထဲက ကျနော်တို့ ရွာသာကြီးရွာကို စစ်တပ်ဘက်က နေ့စဥ်ရက်ဆက် အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေလို့ ရွာမှာရှိတဲ့ ပြည်သူတွေ အားလုံးနီးပါး ထွက်ပြေးနေကြရပါတယ်။ ရွာသာကြီးရွာမှာက အိမ်ခြေ ၁,၀၀၀ လောက်ရှိပြီး လူဦးရေ ၃,၀၀၀ ဝန်းကျင် ရှိပါတယ်။ လေကြောင်းရန်ကြောင့် ရွာခံအားလုံးနီးပါး ထွက်ပြေးနေကြရတာ ၇ ရက်လောက် ရှိနေပါပြီ။ နီးစပ်တဲ့ ဘုန်းကြီးကျောင်းတွေ၊ လယ်ယာခင်းတွေမှာ ဖြစ်သလို နေထိုင်နေကြပါတယ်။ လျှပ်တပြက် ထွက်ပြေးလာရသောကြောင့်မို့လို့ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်လျက်ရှိပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရွာသာကြီးကျေးရွာကို အောက်တိုဘာ ၁၂ ရက်ကနေ ၁၆ ရက်အထိ နေ့စဥ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ရွာခံပြည်သူ ၄ ယောက် မစိုးရိမ်ရတဲ့ ဗုံးထိမှန်ဒဏ်ရာတွေ ရရှိခဲ့ကြသလို လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ဝက်လက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအလင်းရောင်က “စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာ၊ ပါရာမော်တာ၊ ဂျိုင်ရိုမော်တာ အမျိုးမျိုးနဲ့ လာကြဲနေတာ။ အဓိကအချက်က ကျနော်တို့ ဝက်လက်မြို့နယ်ကို ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ မြို့နယ်အဖြစ် ကြေညာထားတော့ စစ်တပ်ဘက်က မစားရတဲ့အမဲ သဲနဲ့ပက်တဲ့သဘောနဲ့ အခုလိုလုပ်နေတာလို့ မြင်တယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်ထဲကို အရှေ့ခြမ်း၊ မြောက်ခြမ်းနဲ့ အနောက်ခြမ်းတွေ ကနေလည်း မြေပြင်ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာတွေ ရှိနေလို့ တိုက်ပွဲဖြစ်ပွားနေသလို စစ်ရေးအခြေအနေ တင်းမာနေတဲ့ နေရာတွေလည်း ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်စစ်ကြောင်းထိုးတာတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူတွေဟာလည်း ၅,၀၀၀ အထက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်စစ်ကြောင်းတွေကြောင့် ဝက်လက်မြို့နယ်အတွင်းက ဒေသခံပြည်သူတွေ အနေနဲ့လည်း သတိရှိရှိ သွားလာနေထိုင်ကြဖို့ တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း တိုက်တွန်းထားပါတယ်။




