Home
မြန်မာသတင်း
ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ စစ်ရှောင်များ အရေပြားရောဂါနှင့် ချောင်းဆိုးရင်ကြပ် အဖြစ်များနေ
DVB
·
October 16, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ စစ်ဘေးရှောင်ပြည်သူတွေ အရေပြားရောဂါနဲ့ ချောင်းဆိုရင်ကြပ်ရောဂါတွေ ဖြစ်ပွားမှု များပြားနေတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေထံက သိရပါတယ်။

စစ်ဘေးရှောင်တွေက အောက်တိုဘာလ ပထမပတ်ကတည်းက ရောက်လာကြပြီး စုပြုံနေထိုင်ရတာကြောင့် အရေပြားရောဂါနဲ့ ချောင်းဆိုးရင်ကြပ်ရောဂါက မြန်မြန်ဆန်ဆန်ကူးစက် ဖြစ်ပွားနေတာပါ။

စစ်ဘေးရှောင်ကူညီသူတယောက်က “အရေပြား‌ရောဂါက စစ်ရှောင်လာတုန်း တယောက်နှစ်ယောက်စပဲ ဖြစ်လာတာ။ ဒီစစ်ရှောင်စခန်းတွေ ရောက်တော့ မိုးကာတခုတည်းမှာ မိသားစု သုံးလေးခုနဲ့ ပူးပူးကပ်ကပ်နေရတော့ ကူးစက်မှုမြန်တယ်။ ဖြစ်ပွားသူ များတယ်။ အဲဒီလိုပဲ ချောင်းဆိုးတာလည်း ဖြစ်များတယ်။ ခုတော့ ဆေးကုသမှုတွေလိုအပ်တယ်။ မြေပြင်မှာရှိနေတဲ့ဆေးအဖွဲ့လည်း မနိုင်တော့ဘူး"လို့ ပြောပါတယ်။

စစ်ဘေးရှောင်အားလုံး ၄,၀၀၀ ကျော်ရှိပြီး အရေပြားရောဂါဖြစ်ပွားသူ အယောက် ၁၅၀ နီးပါးရှိကာ လှုဦးရေ ၅၀၀ ကျော်လည်း ချောင်းဆိုးနေတယ်လို့ ပြောပါတယ်။

စစ်ဘေးရှောင်တယောက်က “မိုးလည်းရွာနေတော့ အဆင်မပြေဘူး။ အရေပြားရောဂါဖြစ်တာ ချောင်းဆိုးဖြစ်တာတွေလည်း ဂရုမစိုက်နိုင်ကြတော့ဘူး။ အခု‌လောလောဆယ် ဆေးဝါး၊ မိုးကာ၊ စားနပ်ရိက္ခာ အဓိကအရေးပေါ်လိုအပ်တယ်” လို့ ပြောပါတယ်။

စစ်တပ်နဲ့ PNO ပြည်သူ့စစ်စစ်ကြောင်းထိုးပြီး တော်လှန်ရေးအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံး၊ ဘောရန်အပေါ်ရွာ၊ အောက်ရွာ၊ ကောင်ထို၊ လွယ်လုံ ရွာ ၈ ရွာက ဒေသခံ ၄,၀၀၀ ကျော် ကရင်နီနယ်စပ် စစ်ရှောင်စခန်းတွေကို ထွက်ပြေးခိုလှုံ နေကြရတယ်လို့ ပြောပါတယ်။

စစ်တပ်နဲ့ PNO ပြည်သူ့စစ် စစ်ကြောင်းထိုးခဲ့တဲ့ တောင်စလုံးရွာ ဘောရန်ရွာတို့မှာ တော်လှန်ရေးတပ်ဖွဲ့ကို လက်ခံထားတယ်ဆိုပြီး စွပ်စွဲပြီးနောက် ရွာသားရဲ့နေအိမ် ၃၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024