ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း၊ ခေါင်းအိကျေးရွာအုပ်စု ဘောရန်ကျေးရွာ အပေါ်ရွာ၊ အောက်ရွာက ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက အောက်တိုဘာ ၁၃ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်နဲ့ PNO ပြည်သူ့စစ်တွေက အောက်တိုဘာ ပထမအပတ်ထဲမှာ ပင်လောင်းကနေတဆင့် တောင်စလုံးကျေးရွာမှာ တပ်စွဲပြီး မြောက်စလုံးကျေးရွာကို စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှို့ပြီး ဘောရန်ရွာကို ထပ်ရှို့တာလို့ သိရပါတယ်။
မြေပြင်သတင်းရင်းမြစ်က “ဘောရန်ကျေးရွာ အပေါ်ရွာ အောက်ရွာကို PNO နဲ့ စစ်တပ်က နေအိမ်မီးရှို့တာ၊ နေအိမ်က အလုံးရေများတယ်၊ အလုံး ၅၀ ကျော်မယ်။ ပြည်သူတွေ တခြားနေရာ စစ်ရှောင်နေတာ ကြာပြီ။ ပြည်သူတွေက မရှိတော့ဘူး။ PNO နဲ့ စခ (စစ်ကောင်စီတပ်) တွေပဲ ရှိတယ်” လို့ ပြောပါတယ်။
PNO ပြည်သူ့စစ်အဖွဲ့ဝင် တယောက်ကလည်း ကျေးရွာတွေကို မီးရှို့ထားလို့ မီးလောင်နေတဲ့ ဗီဒီယို မှတ်တမ်းကို Tik Tok ပေါ်မှာတင်ပြီး မီးလောင်တာကို ဝမ်းသာကြောင်း ပြောဆိုတာ ရှိနေပါတယ်။
ဘောရန်ရွာ အပေါ်ရွာ အောက်ရွာ နှစ်ရွာပေါင်းမှာ အိမ်ခြေ ၁၀၀ ကျော်ရှိနေပြီး အောက်တိုဘာလထဲ စစ်ကြောင်းထိုးချိန်ကစလို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကာ စပါးရိတ်သိမ်းမယ့် သူတွေကလည်း စစ်ကြောင်းကြောင့် တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက တောင်စလုံးကျေးရွာမှာ တပ်စွဲထားပြီး မြောက်စလုံးကျေးရွာဘက်ကို ဝင်ရောက်ကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေလည်း ပြုလုပ်နေတယ်လို့ KNDF က အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။






