
မြေရှားစျေးကွက်မှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးထားမှုကို တန်ပြန်ဖို့ အမေရိကန်နဲ့ ဩစတြေးလျတို့ဟာ မြေရှားနဲ့ တခြားအရေးကြီးသတ္တုသယံဇာတတွေ ပံ့ပိုးမှုအားကောင်းစေဖို့ သဘောတူစာချုပ် တရပ် ချုပ်ဆိုလိုက်ပါတယ်။
လက်ရှိ တရုတ်နိုင်ငံဟာ မြေရှားတူးဖော်မှုရဲ့ ၇၀ ရာခိုင်နှုန်းနဲ့ သန့်စင်ထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ဩစတြေးလျဝန်ကြီးချုပ် အန်ထိုနီ အဲလ်ဘနိစ်က ဒီသဘောတူညီချက်ဟာ တိုင်းပြည်ရဲ့ တူးဖော်၊ သန့်စင်ရေးလုပ်ငန်းတွေကို တိုးချဲ့နိုင်မယ့် "အသင့်ပြင်ထားတဲ့" စီမံကိန်းတွေအတွက် အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံကို ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။
လာမယ့် ခြောက်လအတွင်း နှစ်နိုင်ငံလုံးက စီမံကိန်းတွေမှာ ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမှာလည်း ဖြစ်ပါတယ်။
အမေရိကန်နဲ့ ဩစတြေးလျဟာ သမ္မတထရမ့်ရဲ့ ပထမသက်တမ်းကတည်းက ဒီကိစ္စတွေကို ညှိနှိုင်းခဲ့ကြတာဖြစ်ပြီး၊ အခုသဘောတူညီချက်က မိတ်ဖက်ဆက်ဆံရေးကို "နောက်တဆင့်" တက်လှမ်းစေတာလို့ ဝန်ကြီးချုပ် အဲလ်ဘနိစ်က ပြောပါတယ်။
အမေရိကန်ကုမ္ပဏီတွေဟာ ဒီသတ္တုတွေကို အကြီးအကျယ် မှီခိုနေရပြီး တရုတ်ဘက်က ပံ့ပိုးမှုတွေ ကန့်သတ်လာတဲ့အခါ အမေရိကန်အတွက် အားနည်းချက် ဖြစ်စေခဲ့ပါတယ်။
ဩစတြေးလျ၊ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ AUKUS ရေငုပ်သင်္ဘော သဘောတူညီချက်နဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ပ်က "အရှိန်အဟုန်အပြည့်နဲ့ ရှေ့ဆက်နေတယ်" လို့ အောက်တိုဘာ ၂၀ ရက်က မှတ်ချက်ပေးခဲ့ပါတယ်။
ဩစတြေးလျအနေနဲ့ ရေငုပ်သင်္ဘောတွေ တကယ်ရမှာလားလို့ မေးမြန်းရာမှာလည်း "သေချာပေါက် ရမှာပါ" လို့ သမ္မတ ထရမ့်က အတည်ပြု ပြောကြားခဲ့ပါတယ်။
Source:Reuters




