
ဒီတပတ် “မိုးသောက်ချိန်” DVB ရုပ်သံ စကားဝိုင်းအစီအစဉ်မှာတော့ ဘလော့ဂါနဲ့ ကဗျာဆရာလည်းဖြစ် NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ကိုနေဘုန်းလတ်နဲ့ ကဗျာဆရာအောင်လွန်းတို့က သူတို့ ယုံကြည်ချက်၊ ခံစားချက်၊ သူတို့ မျှော်မှန်းတဲ့ အနာဂတ်တွေနဲ့ ပတ်သက်ပြီး မျှဝေပြောပေးထားပါတယ်။
စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ပြည်သူတွေအနေနဲ့ မဆုံးသေးတဲ့ တော်လှန်ရေးခရီးမှာ အင်အားထပ်ဖြည့် Recharge လုပ်ပြီး တော်လှန်ရေး ခရီးပြီးဆုံးတဲ့တိုင် အောင် ဆက်လျှောက်လှမ်းကြရမယ်လို့ ကိုနေဘုန်းလတ်က ဒီအစီအစဉ်မှာ ပြောပြထားပါတယ်။
ကိုနေဘုန်းလတ်က “ဒီခေတ်မှာသာ ဒီလောက် အခြေအနေတွေ အခွင့်ကောင်းတွေ ရနေတဲ့အချိန်မှာသာ ထပ်ပြီး (စစ်အာဏာရှင်) အမြစ်မဖြတ်နိုင်ဘဲ ဒီကောင်ကြီးကို ဆက်ပြီး ရှင်သန်ခွင့်သာ ပေးလိုက်ကြည့် ကျနော်တို့လိုပဲ နောက်မျိုးဆက်တွေ မျိုးဆက်တွေ နှစ်ပေါင်းများစွာ ဆက်ခံရမှာ။ အဲဒီအတွက်ကြောင့် ရှေ့မှာလည်း အဲဒီအမှားတွေ မှားခဲ့ပြီးသွားပြီ၊ အမြစ်မဖြတ်နိုင်ခဲ့လို့ ကျနော်တို့ ပြီးပြီထင်ခဲ့ပေမဲ့ အဲဒီခရီးက မပြီးဘဲ ဒီလိုမျိုးဆက်ဖြစ်တာပေါ့။ ဒါကြောင့် ကျနော်တို့ခရီးကို ကျနော်တို့ ပြီးဆုံးတဲ့အထိ ဆက်လျှောက်ဖို့လိုမယ်။ တခါတလေ စိတ်ညစ်တာရှိမယ်၊ တခါတလေ စိတ်ဓာတ်ကျချင်သလို ဖြစ်တာရှိမယ်၊ ပင်ပန်းတာတွေရှိမယ်၊ ဒါတွေကဖြစ်မှာပဲ။ အဲဒါတွေကို Recharge ပြန်လုပ်ပြီးတော့ ခရီးဆုံးအောင် ဆက်လျှောက်ရမယ်။ ကျနော်ပြောတဲ့ ခရီးကတော့ တော်လှန်ရေးခရီးကို ပြောချင်တာပေါ့” လို့ ပြောပါတယ်။
ကဗျာဆရာ အောင်လွန်းကတော့ ဘဝမှာ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ခဲ့ပေမဲ့ စစ်တပ်အာဏာသိမ်းပြီး နောက်မှာ လူငယ်ဘဝ ရည်မှန်းချက်တွေ အကုန်လုံးကို မေ့ထားခဲ့ရတဲ့အကြောင်း ဒီအစီအစဉ်မှာ ပြောပြထားပါတယ်။
“ကျနော်တို့ လူငယ်ဘဝမှာ လူငယ်တွေရဲ့ ထွန်းတောက်ရမယ့်ဟာတွေရှိတယ်၊ ရည်မှန်းချက်တွေရှိတယ်၊ အောင်မြင်မှုတွေရှိတယ်၊ အဲဒါတွေ အကုန်လုံးကို ကျနော်တို့ မေ့ခဲ့ရတာပေါ့။”
“ကျနော့်မှာ ငယ်ငယ်လေးတည်းက နိုင်ငံရေးလုပ်တဲ့ ရည်ရွယ်ချက် ရှိပါတယ်။ ရည်ရွယ်ချက် ဆိုတာက ကျနော် စစလုပ်ချင်းတော့ မသိပါဘူး၊ ဘာမှလည်း နားမလည်ဘူး၊ ဒီလိုပဲ လုပ်တာပေါ့။ နောက်ပိုင်းကျတော့ ကျနော့်မှာ ကြီးကြီးမားမားရည်ရွယ်ချက်ဆိုတာ ဘာလဲဆိုတော့ ကျနော့်မိသားစု တင့်တောင့်တင့်တယ်လေး နေရရင် ရပြီပေါ့။ ကျနော့်အနာဂတ်က အဲဒါပဲ။ ကျနော်တို့က သေမျိုးတွေပေါ့၊ ဘယ်နေရာမှာ ဘယ်နေ့ ဘယ်လိုအနေအထားမျိုးနဲ့ သေရမလဲဆိုတာ မသိနိုင်တဲ့ အနေအထားမျိုးမှာ ကျနော် ကြီးကြီးမားမား ဘာမှမဖြစ်ချင်ဘူး။ ကျနော့်မှာ ဘာကြီးရမှ၊ ညာကြီးရမှ ဘယ်တော့မှ မတွေးခဲ့ဖူးဘူး။ ကျနော်နဲ့ပတ်သက်တဲ့လူတွေကိုလည်း အဲဒီအတွေးအခေါ် ဘယ်တော့မှမပေးဘူး။ ဒါပေမဲ့ ငါတို့က လူဖြစ်တယ်၊ လူဖြစ်တဲ့အတွက် လူနဲ့ထိုက်တန်တဲ့ အရေးသုံးပါးပဲရှိတာပေါ့၊ စား ဝတ် နေရေး၊ အဲတော့ ကောင်းတာလေးတွေတော့ စားချင်တယ်၊ အများကြီး မျှော်လင့်တာမျိုး မဟုတ်ဘူး၊ တလစာလောက် ကျနော့်ဆန်အိုးထဲမှာ ဆန်ရှိရင် ရပြီပေါ့၊ ကျနော် ငြိမ်းငြိမ်းချမ်းချမ်း နေချင်တယ်။ စာလေးတွေရေးမယ်၊ ကဗျာလေးတွေရေးမယ်၊ စာအုပ်တွေဖတ်မယ်၊ ကျနော် လုပ်ချင်တာလေးတွေ ကျနော်လုပ်မယ်။ ကြီးကြီးမားမား ရည်ရွယ်ချက် ကျနော့်မှာ ပြင်းပြင်းထန်ထန် မရှိဘူး။ ဒါပေမဲ့ ကျနော့်မှာရှိတာ အဲ့တခုပဲရှိတယ်။”
“နိုင်ငံရေးမှာ ဇွတ်တိုးဝင်လာတာပေါ့၊ ဖျာလိပ်ထဲဝင်တဲ့ကြောင်လိုပေါ့၊ ဇွတ်တိုးဝင်လာတာ အဲဒါပဲ။ နည်းနည်းသိလာတဲအခါကျတော့ နည်းနည်းခံပြင်းတယ်၊ များများသိလာတော့ ပိုဒေါသထွက်တာပေါ့၊ ပိုသိလာတော့ ဆဲတာပေါ့၊ အဲလိုဖြစ်တာပေါ့။ ကျနော်တို့နိုင်ငံမှာ အဲလိုရှိတယ်။ ကျနော်တို့ လူငယ်ဘဝကို ဖြတ်သန်းခဲ့တယ်။ ဒါပေမဲ့ အဲဒီ လူငယ်ဘဝကို ဘယ်လိုမျိုး ဖြတ်သန်းခဲ့ရလဲဆိုတော့ စိုးရိမ်စိတ်တွေနဲ့ ဖြတ်သန်းခဲ့ရတာပေါ့။ ဘယ်နေ့လာဖမ်းမှာလဲ၊ သူတို့ဘာသာသူတို့ လမ်းကြောင်းရှိလို့ လာရင်တောင် ကျနော်တို့ကို ခေါ်ထားတာ၊ ချက်ထိုးခိုင်းပြီးတော့ ခေါ်ထားတာ၊ SB တို့ စရဖတို့ လာပြီးတော့။ တခုခုဆိုတာနဲ့ ကျနော်တို့ကိုပဲ ဖမ်းဖို့ ဆီးဖို့ သူတို့က စဉ်းစားတာပေါ့။ အဲလိုစိုးရိမ်ရတဲ့ လူငယ်ဘဝကို ကျနော်တို့ ဖြတ်သန်းခဲ့ရတယ်။ ကျနော်တို့ လူငယ်ဘဝရဲ့ အပျော်ဆိုတာက တခြားလူငယ်တွေနဲ့ ကျနော်တို့အရွယ် လူငယ်တွေနဲ့ယှဉ်ရင် ကျနော်တို့မှာ တော်တော်နည်းခဲ့တယ်ပေါ့။…”
“အဲတော့ ကျနော်တို့နိုင်တာ ကျနော်လုပ်တယ်။ ကျနော်မျှော်လင့်တဲ့ အနာဂတ်က ကျနော်တို့မိသားစုလေး အဆင်ပြေပြီ၊ တလစာလောက် ဆန်အိုးထဲမှာ အေးအေးဆေးဆေး နေနိုင်မယ်၊ ပြီးတော့ ကျနော့်မိသားစုနဲ့ပတ်သက်တဲ့ ကျနော့် အသိုက်အဝန်းလေး၊ ပြီးတော့ ကျနော့်မြို့လေး၊ ကျနော့်နိုင်ငံ၊ နောက်ဆုံး ကျနော့်နိုင်ငံပေါ့။ အဲတော့ အနာဂတ်တွေကို တွေးမယ်ဆိုရင် ကျနော်တို့အနာဂတ်က ဘယ်မှာလဲပေါ့။ ပြန်ချုပ်ရင် ဒီမှာပဲ ပြန်လာချုပ်တာပေါ့။ အဲတော့ အနာဂတ်ကို ပုံဖော်မယ်ဆိုရင် ဘယ်လို ဖော်ရမှာလဲပေါ့၊ ကျနော် မေးခွန်းပြန်မေးချင်တယ်။ ပုံဖော်လို့ ရပြီလားပေါ့” လို့ ကဗျာဆရာအောင်လွန်းက ပြောပါတယ်။
ဒီအစီအစဉ်မှာ ကိုနေဘုန်းလတ်နဲ့ ကဗျာဆရာအောင်လွန်းတို့နဲ့အတူ DVB ဝိုင်းတော်သား အစီအစဉ်တင်ဆက်သူ ဝမ်ဒီ နဲ့ ငုခတ္တာတို့က ပူးပေါင်း တင်ဆက်ပေးထားပါတယ်။
အပြည့်အစုံကို အောက်ပါ ယူကျုလင့်မှာ ကြည့်ရှုနိုင်ပါတယ်။
ကိုနေဘုန်းလတ်နှင့် ကဗျာဆရာအောင်လွန်းတို့ ပါဝင်သည့် “မိုးသောက်ချိန်” စကားဝိုင်း (အပိုင်း ၁)




