Home
ဆောင်းပါး
အာဆီယံ အကြံအဖန် လုပ်မှာလား
DVB
·
October 21, 2025

အာဏာရှင်ထိပ်သီးတယောက်က မဆင်မခြင် ရှေ့တလှမ်းတိုးကာ နျူကလီးယားခလုတ်ကို ကောက်နှိပ်လိုက်တော့မှာလားလို့ ၂၀၂၅ ဟာ ရင်တမမ ဖြစ်နေရတယ်။ တချိန်က ရွှေထီးဆောင်းခဲ့တဲ့ ဆိုဗီယက်အင်ပါယာ အိပ်မက်နဲ့ တကမ္ဘာလုံး အိပ်ရေးပျက်ရအောင် ဒုက္ခပေးနိုင်စွမ်းတဲ့ ရုရှားအာဏာရှင် ပူတင်က သူ့လက်ထဲ နျူကလီးယားလက်နက်တွေ ရှိနေကြောင်း သတိပေးသံကို ကြားခဲ့ရတယ် မဟုတ်လား။ ကမ္ဘာမြေ အချိန်မရွေး ပြာဖြစ်သွားနိုင်ကြောင်း တွေးမိကြတာ ဘယ်ဆန်းမလဲ။ ပူတင်ရဲ့နောက်မှာ ရှိနေတဲ့ လူဝ လူပု လူညစ်စုလေး ကင်မ်ဂျုံအန်းကလည်း နျူကလီးယား တရမ်းရမ်း။ အာဏာရှင်စရိုက်အပြည့်နဲ့ လူကြီးလူကောင်း သုည၊ တကမ္ဘာလုံးကို ငေါက်ငမ်းနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကြီးကလည်း သမ္မတသက်တမ်း မကုန်မချင်း ရမ်းနေဦးမယ့်ပုံ။ အစ္စရေးနဲ့ အီရန် ကောင်းကင်ယံမှာ သေမင်းတမန်ဒုံးတွေ ထင်ရာစိုင်းခဲ့ကြတာလည်း မကြာသေး။ မျိုးဆက်ချီ အငြိုးပေါ် အငြိုးထပ် သေပန်းချည်းပွင့်ခဲ့တဲ့ အရှေ့အလယ်ပိုင်းပြဿနာ တကယ်ကော ရက်ပိုင်း၊ လပိုင်းလောက်နဲ့ ပြီးနိုင်မှာတဲ့လား။ ကမ္ဘာကြီးမှာ စစ်ပွဲတွေ ဝီခေါ်လို့။

အဲဒီလို စစ်မီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ၂၀၂၅ ခုနှစ်ဆိုတော့ ငြိမ်းချမ်းရေး၊ ကြွယ်ဝချမ်းသာခြင်းနဲ့ လူ့အခွင့်အရေးအတွက် ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂ ရင်ပြင်မှာလည်း ကြိမ်းမောင်းသံတွေချည်း ကြားရတယ်။ စက်တင်ဘာ ၂၂ ကနေ ၂၆ ရက်အထိ ကျင်းပခဲ့တဲ့ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို နိုင်ငံတကာက သိုင်းလောကထိပ်သီးတွေ တက်ရောက်လာကြသလိုမျိုး။ စကားလုံးတွေနဲ့ လက်ဝှေ့ရေးပြခဲ့ကြ။ လက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်ကြမယ်။ နျူကလီးယားလက်နက် မပိုင်ရင် ဗိုလ်ကျခံရမယ်။ မလောက်လေး မလောက်စားနဲ့ ကျနော်တို့ ငပုလေး မင်းအောင်လှိုင်တောင်မှ မတန်မရာ သူလည်းပဲ နျူကလီးယား ပိုင်ဖို့ အိပ်မက် မက်နေသေးတယ် ဆိုတော့ စဉ်းစားသာကြည့်တော့။

၂၀၂၂၊ ၂၀၂၃ လောက်အထိ မြန်မာ့အရေးဆိုတာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပမာ။ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ မြန်မာ့အရေးကိုမှ ထည့်မပြောဘူးဆိုရင် နိုင်ငံရေး လူရာမဝင်တော့မယ့်အတိုင်း။ မြန်မာ့အရေးကို မိန့်ခွန်းထဲ ထည့်ပြောမှသာ ဂုဏ်သရေရှိ နိုင်ငံရေးခေါင်းဆောင် ဖြစ်တော့မယ့်အတိုင်း။ စစ်ကောင်စီ အကြမ်းဖက်နေတာတွေကို ပြင်းထန်စွာ ရှုတ်ချ၊ မြန်မာပြည်သူတွေ တောင့်ထားကြလို့ ထောက်ခံအားပေးခဲ့ကြ။ အခုတော့ မြန်မာ့အရေးဟာ ကုလရင်ပြင်မှာ အသံတွေ တော်တော်တိမ်။

ကြားမိသလောက် ပြောရရင် ဒီနှစ် ကုလညီလာခံမှာ မလေးရှားနဲ့ ထိုင်းတို့သာ မြန်မာ့အရေး ထည့်သွင်း ပြောသွားတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အများယုံကြည်မှု ပြန်လည်ရရှိအောင် အာဆီယံက ဆက်လက်ကြိုးပမ်းသွားမယ်တဲ့။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ ထိုင်းမှာ လက်ခံထားတဲ့ မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးနေပြီ ဖြစ်ကြောင်းနဲ့ မြန်မာ့အရေး အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကနေ ငြိမ်းချမ်းရေးဆီ ဦးတည်ဖို့ ဆက်လက်တိုက်တွန်းနေကြောင်း။

ပြောရရင် ကုလရင်ပြင်မှာ မြန်မာ့အရေး အသံထွက် ကျယ်လောင်ခဲ့တုန်းက မျက်မြင် ဘာဖြစ်ခဲ့သလဲ ဆိုတော့ သံတမန်ရေး ဖိအားတရပ်၊ နေပြည်တော် စစ်ဗိုလ်ချုပ်တွေကို စပ်ဖျဉ်းဖျဉ်း ဖြစ်သွားမှာတော့ သေချာတယ်။ ၂၀၂၂ ခုနှစ်လောက်အထိက မကြုံဖူးတဲ့ နိုင်ငံတကာဖိအားတွေမို့ နောက်ဆက်တွဲ ဘာတွေ ထပ်လာဦးမလဲလို့ တွေးကာ မင်းအောင်လှိုင် ကယောက်ကယက်တွေ ဖြစ်ပြီး စိတ်ငြိမ်ဆေး တိုးသောက်ရတာမျိုး ဖြစ်ခဲ့နိုင်တယ်။

ဒီဘက်ကာလကိုရောက်တော့ ကုလရင်ပြင်ပေါ်က မိန့်ခွန်းတွေနဲ့ ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက်တွေဟာ အသံထွက်ကျယ်တဲ့ သင်္ကြန်အမြောက်သာဖြစ်ကြောင်း ကောင်းကောင်း သိရှိသွားပြီမို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကန့်ကွက်ရှုတ်ချသံတွေ ထွက်လာရင် နေပြည်တော် စစ်ဗိုလ်ချုပ်တွေက သူတို့သတ်နိုင်တဲ့ ပြည်သူတွေကို များများပိုသတ်တဲ့နည်းနဲ့ တုံ့ပြန်ပြနေသလားတောင် ထင်မှတ်ရတဲ့အထိ လက်သံပြောင်နေတော့တယ်။

ဘာပဲဖြစ်ဖြစ် ကုလရင်ပြင်ထက် အသံထွက်တိမ်လာတာဟာ နိုင်ငံတကာမျက်နှာစာမှာ မြန်မာ့အရေးက နောက်တလှမ်း ဆုတ်လာခြင်းလို့ ဖွင့်ဆိုနိုင်တာကြောင့် ကောင်းတဲ့ရလဒ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့၊ ကုလညီလာခံအပြီး ဒေသတွင်းမှာတော့ မြန်မာ့အရေးဟာ ပိုကျယ်လောင်လာခဲ့တယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ ကုလညီလာခံမှာ ပြောကြားခဲ့တဲ့အတိုင်း အာဆီယံမူ ၅ ရပ် လူရာဝင်လာအောင် ဆက်လက်ကြိုးပမ်းတဲ့အနေနဲ့ အောက်တိုဘာ ၉ ရက်မှာ နေပြည်တော်သို့ နေ့တပိုင်းချီ။ စစ်ဘီလူးတွေနဲ့ အပြန်အလှန်ဆွေးနွေးမှုအပြီး လက်သီးပုန်းထိုးခံရတာကြောင့်  ပွဲဆူသွားခဲ့တယ်။

အဲဒီဆွေးနွေးပွဲအပြီး စစ်ကော်မရှင်က သတင်းထုတ်ပြန်ရာမှာ တရားမဝင်တဲ့ စစ်ကော်မရှင် ရွေးကောက်ပွဲကို အာဆီယံက ထောက်ခံပြီး ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်အဖွဲ့တွေလည်း စေလွှတ်သွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြောင်း ဂုဏ်သိက္ခာကင်းမဲ့စွာနဲ့ လိမ်ညာ ဝါဒဖြန့်ခဲ့တယ်။

ဒါနဲ့ မလေးရှားနိုင်ငံရေးသမားတွေက စစ်ကော်မရှင် တဖက်သတ်လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို မလေးရှားအနေနဲ့ တကယ်ပဲ အားပေးမှာလားလို့ မေးခွန်းထုတ်တော့တယ်။ အဲဒီအခါမှပဲ စစ်ကော်မရှင်ရဲ့ တလွဲထုတ်ပြန်မှုဖြစ်ကြောင်း  မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်ရှင်းပြ။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံအနေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖွယ်မရှိဘူးလို့ သူ့ရဲ့အမြင်ကို ပြောသွားတယ်။

ပြဿနာက ဒီလောက်နဲ့တော့ မပြီး။ စစ်ကော်မရှင်ရွေးကောက်ပွဲကို အယုံအကြည်မရှိဘူးလို့ ဥရောပသမဂ္ဂက တည့်တည့်ပြောလာတာမျိုး။ အာဆီယံကလည်း တိကျရှင်းလင်းတဲ့ သဘောထားတရပ် ပေးဖို့ ဖိအားတွေ အကြီးကြီးဝင်နေတယ်။

မြန်မာတော်လှန်ရေးအင်အားစုက တရားမဝင်ရွေးကောက်ပွဲကို အာဆီယံ အသိအမှတ်မပြုဖို့ တောင်းဆိုထားသလို မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) တို့ကလည်း အာဆီယံအနေနဲ့ စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသဖို့အပြင် အခု အောက်တိုဘာ ၂၆ ရက် စတင်ကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဆီယံမူ ၅ ရပ်ဟာ အလုပ်မဖြစ်ကြောင်း ဝန်ခံပြီး ဗျူဟာအသစ်ရေးဆွဲဖို့၊ မင်းအောင်လှိုင်နဲ့ မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေကို ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ထားခြင်းအပြင် အာဆီယံ ဆက်စပ်အစည်းအဝေးတွေမှာ စစ်ကော်မရှင် ကိုယ်စားလှယ်တွေကို တက်ရောက်ခွင့် မပြုဖို့အထိ တောင်းဆိုထားတယ်။ (လက်ရှိမှာတော့ မင်းအောင်လှိုင် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်မယ်ဆိုတဲ့ သတင်းတောင် စစ်ကော်မရှင် လက်အောက်ခံ မီဒီယာတချို့က ဖြန့်ချိနေတာ တွေ့ရတယ်။)

မကြာခင် ကျင်းပတော့မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဆီယံအနေနဲ့ ဘယ်လောက်ထိ ပြတ်သားနိုင်မလဲ။ တရုတ်စပွန်ဆာနဲ့ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ တရုတ်ဩဇာခံ အာဆီယံနိုင်ငံတချို့က လက်ခံပါ့မလားဆိုတဲ့ မေးခွန်းက ရှိနေပြန်တယ်။

နောက်ဆုံးတော့လည်း အာဆီယံရဲ့ ထုံးစံအတိုင်း ဘာကိုမှ တည့်တည့်မပြောဘဲ စစ်ကော်မရှင် ရွေးကောက်ပွဲကို အာဆီယံက စောင့်ကြည့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မှာမဟုတ်ဘူး ဆိုတာလောက်နဲ့ ဟိုလိုလို ဒီလိုလို လုပ်နိုင်ခြေလည်း ရှိနေပါတယ်။

အာဆီယံ မှန်မှန်ကန်ကန် ရပ်မှာလား၊ အကြံအဖန် လုပ်ဦးမှာလား မြန်မာပြည်သူတို့ အသေအချာ စောင့်ကြည့်နေပါတယ်။

လင်းဆက်ငြိမ်းချမ်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024