Home
မြန်မာသတင်း
လွိုင်ကော်တက္ကသိုလ် အဝေးသင် ကျောင်းသား ၃၀၀ ကျော် တက်ရောက်
DVB
·
October 21, 2025

စစ်ကောင်စီက ပြန်ဖွင့်ပေးခဲ့တဲ့ လွိုင်ကော်တက္ကသိုလ် အဝေးသင် ဒုတိယအသုတ်မှာ ကျောင်းသား ကျောင်းသူ ၃၆၅ ယောက် တက်ရောက်ခဲ့တယ်လို့ အောက်တိုဘာ ၂၀ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။

၁၁၁၁ စစ်ဆင်ရေးကြောင့် ၂ နှစ်နီးပါး ပိတ်ထားတဲ့ လွိုင်ကော်တက္ကသိုလ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်မှာ စစ်တပ်က ပြန်ဖွင့်ပေးခဲ့တာပါ။

လွိုင်ကော်တက္ကသိုလ် ပိတ်ထားတဲ့ ကာလအတွင်း အင်္ဂလိပ်စာ၊ ပထဝီဝင်၊ ဒဿနိကဗေဒ၊ အရှေ့တိုင်းပညာ၊ ဥပဒေပညာ ဘာသာရပ်တွေကို လေ့လာသင်ကြားနေတဲ့ အဝေးသင် ကျောင်းသား ကျောင်းသူတွေဟာ တောင်ကြီးမှာ သွားရောက် ကျောင်းတက်နေရတာဖြစ်ပြီး လာမယ့် စာမေးပွဲ တွေကိုတော့ လွိုင်ကော်တက္ကသိုလ်မှာ လာရောက်ဖြေဆိုရတော့မှာပဲ ဖြစ်ပါတယ်။

လွိုင်ကော်တက္ကသိုလ်နဲ့ နီးစပ်သူတယောက်က “လွိုင်ကော်မြို့က တည်ငြိမ်အေးချမ်းနေပြီ ဆိုတာကို ပြချင်လို့ တက္ကသိုလ်ပြန်ဖွင့်တာပါ။ အဲဒီတော့ ဒီကာလအတွင်း တောင်ကြီးမှာ သွားတက်နေတဲ့ လွိုင်ကော်က တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေကို အကုန်ပြန်ခေါ်ခိုင်းတာ။ အယောက် ၃၀၀ ကျော်ပါ။ နောက်လ စာမေးပွဲရှိတယ်။ တောင်ကြီးမှာ ပေးမဖြေတော့ဘူး၊ အကုန် လွိုင်ကော်တက္ကသိုလ်မှာပဲ ဖြေရမယ်” လို့ ပြောပါတယ်။

စစ်တပ်ရုပ်သံလိုင်းဖြစ်တဲ့ မြဝတီချန်နယ်မှာတော့ အောက်တိုဘာ ၁၉ ရက်မှာ ကျင်းပခဲ့တဲ့ လွိုင်ကော်တက္ကသိုလ် အဝေးသင်သင်တန်း ပထဝီဝင်(မိသားစု) ရဲ့ အာစရိယပူဇော်ပွဲနဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ထုတ်လွှင့်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

အဲဒီနေ့ တရက်တည်းမှာပဲ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်ဟာ ဒီးမော့ဆိုအနားက ငွေတောင်ရပ်ကွက်နဲ့ ငွေတောင်ဆည်ရပ်ကွက်ဘက်ကို သွားရောက်ခဲ့ကာ ဒေသခံတွေ နေရပ် ပြန်နိုင်အောင် လျှပ်စစ်မီးရအောင် လုပ်ပေးမယ်ဆိုပြီး ပြောခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေကတော့ ရွေးကောက်ပွဲအမီ နေရပ်ပြန်လာကြဖို့ နှိုးဆော်နေသလို နေရပ် မပြန်လာတဲ့ အိမ်တွေကို ပြည်သူပိုင်အဖြစ် သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်နေတဲ့အတွက် ငွေတောင်ဘက်အခြမ်းမှာ ပြန်နေနေတဲ့သူတွေ ရှိနေပြီလို့ ဒေသခံတွေက ဆက်ပြောပြပါတယ်။

ဒေသခံတယောက်က “စစ်ရှောင်တွေကတော့ တောင့်ခံနိုင်သလောက် တောင့်ခံနေတာပဲ၊ ဒါပေမဲ့ အခက်အခဲ အများကြီးရှိပါတယ်။ ပြီးတော့ ပြည်သူတွေကလည်း အရင်လိုမျိုး ကူညီတာတို့ လှူတာမျိုးတွေ နည်းပါးလာတယ်။ တချို့ဆို စိတ်ဓာတ်ကျတာတို့ အမျိုးမျိုးပေါ့နော်။ အဲဒီတော့ တော်လှန်ရေးက ဘယ်လောက်ကြာဦးမလဲ ဆိုတာကိုပဲ ပြည်သူတွေက စိတ်ပူနေတာပေါ့” လို့ ပြောပါတယ်။

လာမယ့် ဒီဇင်ဘာမှာ ကျင်းပမဲ့ ရွေးကောက်ပွဲ အပိုင်း ၁ ကို ကရင်နီပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်နဲ့ ဘောလခဲမြို့ နှစ်မြို့မှာ ကျင်းပမှာဖြစ်ပြီး လွိုင်ကော်မြို့ပေါ်မှာတော့ ကျောင်းတွေပြန်ဖွင့်တာ၊ မဲစာရင်းကြည့်ဖို့ နှိုးဆော်နေတာတွေနဲ့ စစ်ရှောင်တွေကို နေရပ်ပြန်လာကြဖို့ လုပ်ဆောင် နေကြပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013