
ပြင်သစ်နိုင်ငံ၊ ပါရီမြို့က နာမည်ကျော် လုဗ်ပြတိုက်မှာ အောက်တိုဘာ ၁၉ ရက်က ပြင်သစ်နန်းစဉ် ရတနာတွေ ထားရှိရာ နေရာကို ဖောက်ထွင်းခံရပြီး အဖိုးမဖြတ်နိုင်တဲ့ ရတနာပစ္စည်းတွေ အခိုးခံခဲ့ရပါတယ်။
မျက်နှာဖုံးစွပ်ထားတဲ့ သူခိုးတွေဟာ ဝန်ချီစက်တစီးသုံးပြီး အပေါ်ထပ် ပြတင်းပေါက်ကိုခွဲကာ မော်တော်ဆိုင်ကယ်တွေနဲ့ ထွက်ပြေးသွားခဲ့ကြပါတယ်။
ဒီဖောက်ထွင်းမှုဟာ ပြတိုက်ကို အများပြည်သူ ဖွင့်လှစ်ထားတဲ့အချိန် မနက် ၉ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၆ မိနစ်ကနေ ၇ မိနစ်လောက်ပဲ အချိန်ယူခဲ့တာပါ။
လက်နက်မပါတဲ့ လူ ၄ ယောက်ဟာ အစောင့်တွေကို ကျောက်စက် (angle grinders) တွေနဲ့ ခြိမ်းခြောက်ခဲ့တယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။
သူခိုးတွေဟာ ပစ္စည်း ၉ မျိုးကို ပစ်မှတ်ထားခဲ့ပြီး ၈ မျိုး ခိုးယူသွားနိုင်ခဲ့ကာ တတိယမြောက် နပိုလီယံရဲ့ ဇနီး ဧကရီ ယူးဂျနီရဲ့ သရဖူကိုတော့ ထွက်ပြေးရင်း ပြန်လည်ပြုတ်ကျကျန်ခဲ့ပါတယ်။
ကျွမ်းကျင်သူတွေက အဲဒီသရဖူတခုတည်းရဲ့ တန်ဖိုးကို ယူရို သန်းပေါင်းများစွာ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းက ဒါဟာ “ပြင်သစ်ရဲ့သမိုင်းကို တိုက်ခိုက်တာ” ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဒီဖြစ်ရပ်ကြောင့် ပြတိုက်ရဲ့ လုံခြုံရေးအပေါ် မေးခွန်းထုတ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
စုဆောင်းသူတယောက်က ခိုင်းလို့ ရွေးခိုးတာမျိုး ဖြစ်နိုင်ပြီး ဒီလိုဆိုရင်တော့ အကောင်းအတိုင်း ပြန်ရနိုင်ခြေ ရှိတယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။ တန်ဖိုးကြီးပစ္စည်းတွေ ရွေးခိုးတဲ့ ဂိုဏ်မျိုးလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
လုဗ်ပြတိုက်ဟာ စုဆောင်းထားတဲ့ အဖိုးတန်ပစ္စည်းတွေကို ခင်းကျင်းပြသဖို့နဲ့ ကာကွယ်ဖို့ ဆိုတဲ့ အဓိကတာဝန်ကို ဖြည့်ဆည်းဖို့ ပျက်ကွက်တာကို ဒီလုယက်မှုက မီးမောင်းထိုးပြခဲ့တယ်လို့ ဝန်ထမ်းတယောက်က ပြောပါတယ်။
လုဗ်ပြတိုက်ရဲ့ အားနည်းချက်နဲ့ အဓိကတာဝန်ကို ကျေပွန်အောင် မစွမ်းဆောင်နိုင်တာကို ပြည်တွင်းလူတွေ သိပြီးသားပေမဲ့ တနင်္ဂနွေနေ့က လုယက်မှု နောက်ပိုင်းမှာ အပြင်ကမ္ဘာကပါ သိသွားပြီလို့ ဆဒ်ယဉ်ကျေးမှုသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး ပြတိုက်ဝန်ထမ်း အီလိဇ် မူလေဟာက ပြောပါတယ်။




