
မွန်ပြည်နယ်၊ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်က ရွှေလင်းယုန် ရွှေဆိုင်ပိုင်ရှင်ရဲ့နေအိမ် ဖောက်ထွင်းခံရပြီး ရွှေနဲ့ ငွေ ကျပ်သိန်း ၅,၀၀၀ ထက်မနည်း ပါသွားတယ်လို့ ရွှေဆိုင်နဲ့နီးစပ်တဲ့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ ရွှေလင်းယုန် ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ်ကို စက်တင်ဘာ ၂၃ ရက် မနက် ၂ နာရီလောက်မှာ ဖောက်ထွင်းခိုးယူသူတွေက နေအိမ်ခေါင်မိုးကနေ ဖောက်ဝင်ပြီး အိပ်ခန်းအတွင်းရှိ ရွှေထည်ပစ္စည်းအမျိုးစုံ ၅၀ ကျပ်သားခန့်နဲ့ ငွေသားတချို့ ယူဆောင်သွားတာလို့ သိရပါတယ်။
ဒေသခံတယောက်က “မနက်စောစောမှာ ဖောက်ထွင်းခံရတာ။ မိုးတွေ သဲသဲမဲမဲ ရွာနေတဲ့အချိန် ဖောက်ထွင်းသမားတွေက နေအိမ်ရဲ့ခေါင်မိုးကနေ ဖောက်ဝင်ပြီး အိပ်ခန်းအတွင်းက ရွှေတွေအပြင် ငွေသားတွေပါ ယူသွားတာ။ မနက်အစောပိုင်း ဖောက်ထွင်းခံရပြီးမှ သိတာ” လို့ ပြောပါတယ်။
နေအိမ်ဖောက်ထွင်းခံရတဲ့ အိမ်ရှင်တွေက ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပြီး ကျူးလွန်သူ တရားခံကို ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။
ရေးမြို့ခံ ပြည်သူတယောက်က “ဘယ်လိုမှ မလုံခြုံတော့ဘူး။ အခု ဖောက်ထွင်းခံရတဲ့အိမ်ဆို ၂ ထပ်နေအိမ် အခိုင်အမာကြီး။ ဖောက်ထွင်းခံရတာ။ အသက်တွေကို ရန်မပြုသွားတာဘဲ ကျေးဇူးတင်ရမှာ။ အာဏာသိမ်းပြီးကတည်းက ရေးမြို့နယ်မှာ မကြာခဏ အခုလိုဖြစ်စဉ်တွေ ဖြစ်နေတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရေးမြို့က ကုန်စုံဆိုင်တခု ဖောက်ထွင်းခံရမှုကြောင့် တန်ဖိုးရှိပစ္စည်း အများအပြား ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ရေးမြို့နယ်မှာ ဖောက်ထွင်း၊ ခိုးယူ၊ လုယက်၊ ဓားပြတိုက်တဲ့ ဖြစ်စဉ် ၁၆ မှုအထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲတပ်ဖွဲ့က ကျူးလွန်သူ တရားခံတွေကို ဖမ်းဆီးရမိတာ နည်းပါးတယ်လို့ သိရပါတယ်။