
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က မန်းစိန်ရွှေလုပ်ကွက်ထဲမှာ ရွှေတူးနေသူတွေကို ဟန့်တားပစ်ခတ်ရင်း ပြည်သူတယောက်သေဆုံးသွားခဲ့လို့ ကျူးလွန်သူ ရဲဘော်ကို ထိန်းသိမ်းထားပြီး အမှုစစ်ဆေးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) -MDY PDF ဆီက သိရပါတယ်။
မန်းစိန်ရွှေလုပ်ကွက်ထဲက ကိုစိုးသူဦး ဟာ အောက်တိုဘာ ၁၁ ရက်နေ့က သေနတ်မှန်လို့ ဦးခေါင်းပွင့်ဒဏ်ရာနဲ့သေဆုံးသွားပြီး အောက်တိုဘာ ၁၂ ရက်ညနေပိုင်းမှာ အလောင်းကိုပြန်ရခဲ့တာလို့ ဖြစ်စဉ်သိရှိသူ ဒေသခံတွေက ပြောပါတယ်။
ဖြစ်စဉ်ကို အသေးစိတ်သိရှိသူ ဒေသခံတယောက်က “ရွှေလုပ်ကွက်ထဲမှာ ရွှေခိုးတယ်ဆိုပြီး ပစ်သတ်လိုက်တာလို့ ပြောနေကြတယ်၊ ခု ဒီအကြောင်းကို မသိတဲ့သူ မရှိကြဘူး။ တကယ်လို့ ရွှေခိုးတယ်ဆိုရင်လည်း ပစ်သတ်တာလောက်ထိ မလုပ်သင့်ဘူး” လို့ ပြောပါတယ်။
ပစ်သတ်ခံရသူဟာ ညောင်ဝန်းကျေးရွာက ကိုစိုးသူဦး ဖြစ်ပြီး ကာယကံရှင်မိသားစုဆီကို အောက်တိုဘာ ၁၅ ရက်နေ့မှာ MDY PDF က ကျပ်သိန်း ၂၀ လာရောက်ပေးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ရွှေလုပ်ကွက်ထဲ ပြည်သူတယောက် ပစ်သတ်ခံရလို့ သေဆုံးတာနဲ့ပတ်သက်ပြီး MDY PDF ကို ဆက်သွယ်မေးမြန်းရာမှာ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က “သပိတ်ကျင်းမြို့နယ် ရွှေလုပ်ကွက်ထဲမှာ ဗြုန်းခွဲသူတွေကို ဟန့်တားခြောက်လှန်းရင်း မတော်တဆ ထိမှန်ပြီးသေဆုံးခဲ့တဲ့ ဖြစ်စဉ်ရှိပါတယ်။ လက်ရှိမှာ ကာယကံရှင်မိသားစုကို ကျေနပ်သည်အထိ ပြေလည်အောင် တောင်းပန်တဲ့လုပ်ငန်းစဉ် လုပ်ဆောင်ထားပါတယ်။ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကိုလည်း လုပ်ထားပါတယ်၊ ကျူးလွန်တဲ့ရဲဘော်ကိုလည်း ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးနေတာရှိပါတယ်” လို့ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်၊ ဝက်သေဖက်ရှည်ရွာနားက ရွှေလုပ်ကွက်မှာလည်း ၂၀၂၄ ခုနှစ်တုန်းက ပြည်သူ ၄ ယောက် ပစ်သတ်ခံခဲ့ရပြီး စဉ့်ကူးမြို့နယ်၊ ကံတောင်ရွာက ပြည်သူ ၂ ယောက်လည်း MDY PDF ရဲ့ ပစ်သတ်ခံခဲ့ရသေးတယ်လို့ မြို့ခံတွေက ပြောပြပါတယ်။
စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်က ဒေသခံတွေဟာ လက်ရှိမှာ ကုန်စျေးနှုန်းမြင့်တက်တာ၊ စီးပွားရေးမပြေလည်တာနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။


