Home
နိုင်ငံတကာ
တိုမာဟော့ခ် ဒုံးကျည်ရပါက စစ်ပွဲကိုအသာစီးရအောင် ပြောင်းလဲစေနိုင်ဟု ယူကရိန်းတပ်ဖွဲ့ပြော
DVB
·
October 18, 2025
Photo :Reuters

တိုမာဟော့ခ် ဒုံးကျည်တွေဟာ ရုရှားနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ပွဲကို ယူကရိန်းဘက်က အသာရအောင် ပြောင်းလဲစေနိုင်ကြောင်း အောက်တိုဘာ ၁၅ ရက်က ပေါကရို့ဗ်စ်ခ်မြို့အနီးမှာ တိုက်ခိုက်နေတဲ့ ယူကရိန်းစစ်သားတွေက ပြောပါတယ်။

ဒွန်နက်စ်ခ် ဒေသရဲ့ အုပ်ချုပ်ရေးဗဟိုချက်ဖြစ်တဲ့ ပေါကရို့ဗ်စ်ခ် စက်မှုမြို့တော်အနီး အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ပွားနေတဲ့ ရှေ့တန်းအပိုင်းမှာ ရုရှားစစ်တပ်ကို အမြောက်တွေနဲ့ ပစ်ခတ်နေချိန်မှာပဲ သူတို့စခန်းအပေါ်ဖက်မှာ ရုရှား FPV ဒရုန်း ပျံဝဲနေသံကို ကြားလိုက်ရကြောင်း ယူကရိန်း တပ်မဟာ ၁၅၂ မှ စစ်သားတွေက ပြောပါတယ်။ 

ရုရှားရဲ့ FPV ဒရုန်းတွေက မြန်နှုန်းမြင့်ကာ ဒရုန်းပေါ်က ကင်မရာမှ တိုက်ရိုက်ဗီဒီယိုကို အခြေစိုက်စနစ်ကို ပို့ပေးနိုင်တာကြောင့် တိုက်ပွဲနယ်မြေကို တိုက်ရိုက် ကြည့်ရှုနိုင်စေတဲ့အပြင် ဗုံးနဲ့လက်နက်တွေကို သယ်ဆောင်တိုက်ခိုက်နိုင်တဲ့ စစ်ဆင်ရေးဒရုန်းလည်း ဖြစ်ပါတယ်။ 

ဒရုန်း သတိမထားမိစေအောင် တခဏလောက် ငြိမ်သက်နေခဲ့ပြီးနောက်မှာ စစ်သားတွေဟာ သူတို့ရဲ့ ခေတ်ဟောင်း M-114 ဟောက်ဝစ်ဇာ အမြောက်နဲ့ အချင်း ၁၅၅ မီလီမီတာရှိ နေတိုးအမြောက်ရဲ့ အမြောက်ကျည်တွေကို ဆက်လက်ပစ်ခတ်ခဲ့ပါတယ်။ 

အမေရိကန်လုပ် တိုမာဟော့ခ် ခရုဇ်ဒုံးကျည်တွေဟာ စစ်ပွဲလမ်းကြောင်းကို ပိုမိုကောင်းမွန်အောင် အခြေခံကျကျ ပြောင်းလဲပစ်နိုင်တယ်လို့ ဟောင်ဝစ်ဇာ တပ်ဖွဲ့မှ တပ်မှူး ရိုမန်ကိုစတျုခ် က ပြောပါတယ်။

ယူကရိန်း စစ်တပ်ခေါင်းဆောင်တွေဟာ တိုမာဟော့ခ် ဒုံးကျည်တွေကို တန်ဖိုးမြင့်ပစ်မှတ်တွေကိုသာ အသုံးပြုမယ်လို့ ယုံကြည်ကြောင်း တပ်မှူး ကိုစတျုခ်က ပြောပါတယ်။

တိုမာဟော့ခ် မြေပြင်တိုက်ခိုက်ရေးဒုံးကျည်ဟာ နက်ရှိုင်းတဲ့ တိုက်ခိုက်မှုမစ်ရှင်တွေမှာ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ပုံမှန်အားဖြင့် ပင်လယ်ပြင်မှ ပစ်လွှတ်တာဖြစ်ပါတယ်။

တိကျတဲ့ လမ်းညွှန်ပဲ့ထိန်း ပါရှိတဲ့ တိုမာဟော့ခ် ခရုဇ်ဒုံးကျည်ဟာ ထူထူထပ်ထပ် ကာကွယ်ထားတဲ့ လေပိုင်နက်ထဲမှာတောင် မိုင်ပေါင်း ၁၀,၀၀၀ အကွာအဝေးကနေ ပစ်မှတ်တွေကို ပစ်ခတ်နိုင်ပါတယ်။ 

ပြီးခဲ့တဲ့လက ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီး ဟာ ရုရှားကျူးကျော်သူတွေကို ပြန်လည်တွန်းလှန်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ တိုမာဟော့ခ် ဒုံးကျည်တွေကို ယူကရိန်းကို ပို့ပေးနိုင်မယ့် ဥရောပနိုင်ငံတွေဆီ ရောင်းချပေးဖို့ အမေရိကန်ကို တောင်းဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် ဟာ အရင်တုန်းကတော့ ယူကရိန်းရဲ့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ တောင်းဆိုမှုကို ငြင်းဆိုခဲ့ပေမဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ငြင်းဆိုမှုအပေါ် စိတ်ပျက်လာခဲ့တာ ဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013