Home
မြန်မာသတင်း
ကျားဖြန့်ဆက်နွှယ်သံသယဖြင့် တရုတ်နိုင်ငံသား ၅၇,၀၀၀ ကျော်ကို ဖမ်းဆီး  
DVB
·
October 16, 2025

ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်နွှယ်နေပြီး တရုတ်နိုင်ငံသား  ၅၇,၀၀၀  ကို တရုတ်-မြန်မာ ရဲတပ်ဖွဲ့ ပူးတွဲတရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုက ဖမ်းဆီးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းမှာ  အောက်တိုဘာ ၁၅ ရက်က ဖော်ပြပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ မကြာသေးမီက မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အခြေစိုက်တဲ့ ရာဇဝတ်ဂိုဏ်း ၂ ခုကို တရုတ်နိုင်ငံက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ဆက်သွယ်ရေး လိမ်လည်မှုနဲ့ တခြားပြစ်မှုတွေနဲ့ တရားစွဲဆိုလိုက်တဲ့အကြောင်းလည်း တရုတ် ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန (MPS) က ပြောပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံ ကိုးကန့်ဒေသအခြေပြု အဓိက ရာဇဝတ်ဂိုဏ်း ၄ ခု လုံးနဲ့ ဆက်စပ်တဲ့ ပြစ်မှုတွေက တရားစီရင်ရေးလုပ်ငန်းစဉ်ဆီ ဝင်ရောက်လာပြီဖြစ်တဲ့ အကြောင်းလည်း ဝန်ကြီးဌာနက ပြောပါတယ်။

ဝေ့မိသားစု ဦးဆောင်တဲ့ ရာဇဝတ်ဂိုဏ်းက ဆက်သွယ်ရေးလိမ်လည်မှု၊ အွန်လိုင်း လောင်းကစား၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ မူးယစ်ကုန်ကူးတာတွေစတဲ့ ပြစ်မှုတွေ ကျူးလွန် ဖို့အတွက် မြန်မာနိုင်ငံထဲက ကိုးကန့်ဒေသမှာ ၂၀၀၉ ခုနှစ်ကတည်းက အဆောက်အအုံ ၃၁ ခု တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဂိုဏ်းဟာ အဲဒီအဆောက်အအုံတွေအတွင်းမှာ ကာလကြာရှည် လက်နက်နဲ့ ထိန်းချုပ်ထားပြီး  ဂိုဏ်းအတွင်း အကြမ်းဖက်ခိုင်းစေမှု၊ လိမ်လည်ရာမှာ သတ်မှတ်ချက် မပြည့်မီသူတွေကို ရိုက်နှက်သတ်ဖြတ်တာတွေကိုလည်း ကျူးလွန်ခဲ့ကြတယ် လို့ ဆိုပါတယ်။

အဲဒီလို ရာဇဝတ်မှုတွေကြောင့် တရုတ်နိုင်ငံသား ၈ ယောက် သေဆုံးခဲ့ပြီး လိမ်လည်မှုနဲ့ ဆက်စပ်တဲ့ ငွေကြေး ယွမ် ၅ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၇၀၄ သန်းနီးပါး)၊ လောင်းကစားမှုနဲ့ ဆက်စပ်တဲ့ ငွေကြေး ယွမ် ၉ ဘီလီယံကျော်၊ ဂိုဏ်းဖွဲ့ပြည့်တန် ဆာလုပ်ငန်းကနေ တရားမဝင်အကျိုးအမြတ် ယွမ် ၁၉ သန်းကျော် ရရှိခဲ့တဲ့အကြောင်း လည်း သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကိုးကန့်ဒေသထဲမှာပဲ လျိုမိသားစု ဦးဆောင်တဲ့ နောက်ထပ် ရာဇဝတ်ဂိုဏ်း ကလည်း ဒေသတွင်း ဆက်သွယ်ရေးလိမ်လည်မှုတွေ လုပ်ဆောင်ဖို့ အဆောက်အအုံ ၂၈ ခု တည်ဆောက်ခဲ့ကာ အကြမ်းဖက်လုပ်ဆောင်တာနဲ့ ခြိမ်းခြောက် ထိန်းချုပ်ဖို့အတွက် လက်နက်ကိုင်အဖွဲ့တွေကို ဖြန့်ကြက်ထားပြီး ဆက်သွယ်ရေးနဲ့ အွန်လိုင်းလိမ်လည်မှုတွေ၊ ခြိမ်းခြောက်ငွေညှစ်တာတွေနဲ့ တရားမဝင် ဖမ်းဆီးထိန်းသိမ်းတာတွေကို လုပ်ဆောင်ခဲ့ တယ်လို့လည်း ဆိုပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ လျိုမိသားစုဟာ ဆက်သွယ်ရေးလိမ်လည်မှု ငွေ ကြေး ယွမ် ၂ ဒသမ ၆ ဘီလီယံကျော်၊ လောင်းကစားလုပ်ငန်းက ဝင်ငွေ ယွမ် ၈ ဘီလီယံကျော်၊ ခြိမ်းခြောက်ငွေညှစ်ခြင်းလုပ်ငန်းက ဝင်ငွေ ယွမ် ၁၇ သန်းကျော်နဲ့ ပြည့် တန်ဆာလုပ်ငန်းမှ တရားမဝင် ဝင်ငွေ ယွမ် ၁၆ သန်းကျော်နဲ့ ဆက်စပ်မှုရှိကြောင်း လည်း ဖော်ထုတ်နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် အခုနှစ် စက်တင်ဘာ ၂၂ ရက်ကလည်း တရားရုံးတခုက ပယ်မိသားစု ရာဇဝတ်ဂိုဏ်း အဖွဲ့ဝင် ၂၁ ယောက်ကို လိမ်လည်မှုနဲ့ လောင်းကစားမှုတွေက တရားမဝင် ဝင်ငွေ ယွမ်ဘီလီယံ ၂၀ ကျော်ရရှိတာတွေနဲ့ စပ်လျဉ်းပြီးတော့ စွဲချက် ၁၀ ခုကျော်နဲ့ တရားစွဲ ဆိုခဲ့သလို စက်တင်ဘာ ၂၉ ရက်ကလည်း မြန်မာနိုင်ငံ မြောက်ပိုင်း အခြေစိုက် မိန်မိသားစုဂိုဏ်း အဖွဲ့ဝင် ၁၁ ယောက် ကိုလည်း ပြစ်မှုများစွာနဲ့ သေဒဏ်အမိန့်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ နိုင်ငံရေးသိပ္ပံနှင့် ဥပဒေဆိုင်ရာ အနောက် တောင်ပိုင်းတက္ကသိုလ်၊ ပါမောက္ခ လီချန်းလျင်က “ပြည်ပမှာ အချိန်ကြာမြင့်စွာ လုပ်ငန်း လည်ပတ်ပြီးတော့ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ဒီလို ပြစ်မှုဆိုင်ရာအဖွဲ့တွေကို နှိမ်နင်းတာဟာ တရုတ်နိုင်ငံရဲ့ တရားစီရင်ရေး အချုပ်အခြာအာဏာရဲ့ အရေးပါမှုကို သရုပ်ဖော်ပြမှုတစ်ခုလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) အဆင့်မြင့်တာဝန်ရှိသူတဦးကတော့ ရဲတပ်ဖွဲ့အနေနဲ့ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးအတွက် ခိုင်မာတဲ့ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းဖို့၊ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းဖို့၊ ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ထိန်းသိမ်းပြီးတော့ ပြည်ပက လိမ်လည်မှုအချက်အချာနေရာတွေကို အခိုင်အမာ အမြစ်ဖြတ်ချေမှုန်းသွားဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

တရုတ်- မြန်မာနယ်စပ်မှာ အွန်လိုင်းငွေလိမ်ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကို တရုတ်ဘက်က အရှိန်မြှင့်နှိမ်နင်းနေတာကြောင့် ထိုင်း-မြန်မာနယ်စပ်နဲ့ မြန်မာနိုင်ငံတွင်း တခြားနေရာတွေမှာ ပြောင်းရွှေ့လုပ်ကိုင်နေကြပါတယ်။ 

Source : Xinhua News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013