
အမေရိကန်အာကာသအေဂျင်စီ (နာဆာ)ဟာ အမျိုးသားလုံခြုံရေးအရ တရုတ်နိုင်ငံသားတွေကို သုတေသနစင်တာတွေမှာ အလုပ်လုပ်ခွင့်ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။
စက်တင်ဘာ ၅ ရက်တုန်းက နာဆာ အချက်အလက်စနစ်နဲ့ အဆောက်အအုံတွေမှာ တရုတ်နိုင်ငံသားတွေရဲ့ ဝင်ရောက်ခွင့်မှန်သမျှ ရပ်ဆိုင်းခံလိုက်ရတယ် ဆိုတာကို သိရှိခဲ့တာပါ။ အဲဒီကိစ္စကို နာဆာကလည်း အတည်ပြုပါတယ်။
“မိမိတို့လုပ်ငန်းတွေ လုံခြုံစေဖို့အတွက် တရုတ်နိုင်ငံသားတွေကို အေဂျင်စီရဲ့ အဆောက်အဦတွေ၊ ပစ္စည်းကိရိယာတွေနဲ့ ကွန်ရက်တွေမှာ အသုံးပြုခွင့် ကန့်သတ်လိုက်တယ်” ဆိုပြီး နာဆာဘက်က ထုတ်ပြန်ပါတယ်။
ဒါပေမဲ့လည်း တရုတ်နိုင်ငံသားတွေဟာ စာချုပ်ချုပ်ဆိုထားတဲ့ ကန်ထရိုက်တာ ဒါမှမဟုတ် သုတေသနအတွက် အကူအညီပေးနေတဲ့ ကျောင်းသားအဖြစ်သာ နာဆာမှာ လုပ်ကိုင်နိုင်တာ ဖြစ်ပါတယ်။
ဒါဟာ တရုတ်နိုင်ငံရဲ့ အာကာသစီမံကိန်းတွေ အလျင်အမြန် တိုးတက်လာတာနဲ့အမျှ အမေရိကန်အတွက် စိုးရိမ်စရာဖြစ်လာခဲ့ပြီး ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး ၂ နိုင်ငံကြား ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်အစိုးရဟာ နာဆာကို ပေကျင်းနဲ့ အချက်အလက်မျှဝေခွင့် ပိတ်ဆို့ထားတာကြောင့် နိုင်ငံတကာအာကာသစခန်း (ISS) ကနေပါ တရုတ်အာကာသယာဉ်မှူးတွေ ဖယ်ရှားခံထားရပါတယ်။
လက်ရှိ နာဆာရဲ့ ယာယီအကြီးအကဲ ရှောင်ဒက်ဖ်ဖီကတော့ “အခုဆိုရင် ဒုတိယမြောက် အာကာသပြိုင်ပွဲထဲကို ရောက်နေပါပြီ။ ကျုပ်တို့ထက် ဦးအောင် တရုတ်က လပေါ်ကို ပြန်သွားချင်နေတာ၊ အဲဒါတော့ ဘယ်ဖြစ်မလဲ” ဆိုပြီး မှတ်ချက်ပေးပါတယ်။
တရုတ်အာကာသ အေဂျင်စီကတော့ အမေရိကန်ရဲ့ ပူပန်မှုဟာ “မလိုလားအပ်” သလို စူးစမ်းရှာဖွေရေး လုပ်ငန်းစဉ်ကိုလည်း “လူသားမျိုးနွယ်အတွက် စုပေါင်းလုပ်ဆောင်ရမယ့် မစ်ရှင်သာ” ဖြစ်ကြောင်း တုံ့ပြန်ခဲ့ဖူးပါတယ်။
အခုလိုမျိုး အာကာသဆိုင်ရာ ယှဉ်ပြိုင်မှုဟာ လပေါ်ရောက်ဖို့တင် မဟုတ်ဘဲ အဲဒီက သယံဇာတတွေကို ဘယ်သူထိန်းချုပ်နိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။
လကမ္ဘာပေါ်မှာ သံနဲ့ တိုက်တေနီယမ်လိုမျိုး မြေရှားသတ္တုများစွာ တည်ရှိနေပြီး အထူးလျှပ်ကူးပစ္စည်း (Superconductor) ကနေ ဆေးဘက်ဆိုင်ရာ ကိရိယာအထိ မျိုးစုံ အသုံးပြုနိုင်တဲ့ ဟီလီယမ်ဓာတ်ငွေ့ကိုပါ ပိုင်ဆိုင်ထားပါတယ်။
Source: Reuters