
ကမ္ဘာ့ရွှေဈေးဟာ အောက်တိုဘာ ၁၄ ရက်မှာ တအောင်စကို အမေရိကန် ဒေါ်လာ ၄၁၇၉ ဒေါ်လာအထိ ရှိခဲ့ပြီး တပတ်အတွင်း အမြင့်ဆုံးဈေးနှုန်းကို ရောက်ရှိလာပါတယ်။
ပြည်တွင်းရွှေဈေးကလည်း အောက်တိုဘာ ၇ ရက်က အခေါက်ရွှေ တကျပ်သားကို ၈,၀၅၀,၀၀၀ ကျပ်လောက် ရှိခဲ့ပေမဲ့ ကမ္ဘာ့ရွှေဈေး တောက်လျှောက်တက်လာတာနဲ့အမျှ အောက်တိုဘာ ၁ ၄ရက် ညနေပိုင်းမှာ ကျပ် ၈,၅၄၀,၀၀၀ အထိ မြင့်တက်ရောက်ရှိလာတာပါ။
ကမ္ဘာ့ရွှေဈေးက တပတ်အတွင်း တအောင်စကို ဒေါ်လာ ၂၀၀ နီးပါး မြင့်တက်လာပြီး ပြည်တွင်းဈေးက တကျပ်သားကို ကျပ် ၅ သိန်းဝန်းကျင် မြင့်တက်လာတာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြင်ပရွှေဈေးလည်း မြင့်တက်လာပေမဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းရဲ့ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးကတော့ ၅,၉၉၀,၀၀၀ ကျပ်မှာပဲ ဈေးဆက်ငြိမ်နေတာ တွေ့ရပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ရွှေဈေးက ညပိုင်းမှာတော့ တအောင်စကို အမေရိကန် ဒေါ်လာ ၄၁၃၀ ဒေါ်လာဝန်းကျင်ကို ပြန်ကျဆင်းသွားတာ တွေ့ရပါတယ်။