
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ဈေးအနီး အနက် ၁၅ ပေကျော်ရှိတဲ့ ဗဟိုမီးသတ်ရေကန်မှာ ငါးမျှားသွားတဲ့ ကျောင်းသား ၂ ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက် ညနေ ၃ နာရီဝန်းကျင်က ကြာနီကန် အထက(ခွဲ) ကျောင်းမှာ တက်နေတဲ့ ကြာနီကန်ရပ်ကွက် ဒေါနခြံလမ်းနဲ့ ထီးတန်းလမ်းမှာနေတဲ့ အသက် ၁၆ နှစ်အရွယ် Grade-8 ကျောင်းသား ၂ ယောက်ဟာ ငါးမျှားရင်း ရေနစ်သွားခဲ့တာလို့ သိရပါတယ်။
ဒေသခံတယောက်က “ကျောင်းသားတယောက်ရဲ့ ငါးမျှားတံက ရေထဲမြုပ်ကျတာ။ မြုပ်ကျတဲ့ ငါးမျှားတံကို ဆင်းဆယ်တာ။ ဆင်းဆယ်တဲ့ကောင်လေးက ရေနစ်နေတာကို သူငယ်ချင်းဖြစ်တဲ့ နောက်ထပ်တယောက်က ကယ်ဆယ်ဖို့ ကြိုးစားရင်း ၂ ယောက်လုံး ရေနစ်သွားတာ” လို့ ပြောပါတယ်။
ရေနစ်သေဆုံးခဲ့ရတဲ့ ကျောင်းသား ၂ ယောက်ဟာ အသက် ၁၆ နှစ်အရွယ် မောင်ပိုင်သူထက်နဲ့ မောင်ရဲရင့်အောင်တို့ ဖြစ်ပြီး သီတင်းကျွတ် ကျောင်းပိတ်ချိန်မှာ သူငယ်ချင်း ၂ ယောက် ငါးမျှားသွားဆော့ကြရာကနေ အခုလို ရေနစ်သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။
ကူညီဆောင်ရွက်ပေးသူတယောက်က “ကလေးတွေကလည်း ပုံမှန် သွားလာ ဆော့နေကျဆိုတော့ မိဘတွေလည်း သတိမထားမိတော့ဘူးပေါ့။ ဒါပေမဲ့ အခုလိုဖြစ်စဉ်တွေ နောက်မဖြစ်စေဖို့ ကလေးတွေကို ဂရုတစိုက် ကြပ်မတ်ကြဖို့လိုတယ်လို့ အကြံပြုချင်တယ်။ ကလေးတွေ ရေနစ်တဲ့ ကန်ကလည်း နက်တယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။
ကျောင်းသားလေးတွေ သေဆုံးခဲ့ရတဲ့ ရေကန်ကြီးမှာ ရေနစ်သေဆုံးမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ရေကန်ကြီးမှာ လူသေဆုံးတဲ့ကိစ္စရပ်တွေ ထပ်မံမဖြစ်ပွားအောင် အုတ်တံတိုင်းခတ် ကာရံပေးဖို့ ဒေသခံတွေက သက်ဆိုင်ရာကို တင်ပြတာတွေရှိပေမဲ့ လုပ်ဆောင်ပေးတာ မရှိဘူးလို့ သိရပါတယ်။