
အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းနေချိန်မှာ စစ်သားတွေကို လစာပေးဖို့ ရန်ပုံငွေကို သူ့အစိုးရအဖွဲ့က ဖော်ထုတ်ခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
သူ့အစိုးရအဖွဲ့ဟာ အစိုးရလုပ်ငန်းရပ်ချိန်မှာ တပ်ဖွဲ့ဝင်တွေကို လစာပေးဖို့နည်းလမ်းကို တွေ့ရှိခဲ့ပြီး ပင်တဂွန်အကြီးအကဲ ပိဟတ်ဆက်ကို အမိန့်ပေးထားကြောင့် ထရမ့်ပ်က အောက်တိုဘာ ၁၁ ရက်နေ့မှာ ပြောခဲ့တာပါ။
“စစ်ဦးစီးချုပ်တစ်ယောက်အနေနဲ့ ကျနော့်လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး တပ်ဖွဲ့ဝင်တွေကို လစာပေးဖို့ စစ်ပွဲရေးရာဝန်ကြီး ပီဟတ်ဆက်ကို အမိန့်ပေးထားပါတယ်။ အောက်တိုဘာ ၁၅ ရက်မှာ လစာပေးဖို့ ရနိုင်တဲ့ ရန်ပုံငွေတွေကို အသုံးပြုပါတယ်။ ဒီလိုသုံးဖို့လည်း ကျနော်တို့နည်းလမ်းတွေ ဖော်ထုတ်ခဲ့ပြီး ဟက်ဆက်က တပ်ဖွဲ့ဝင်တွေကို လစာပေးသွားမှာပါ” လို့ ထရမ့်ပ်က ပြောပါတယ်။
ဒါပေမဲ့ ရန်ပုံငွေတွေ ဘယ်လိုရတယ်ဆိုတာနဲ့ တပ်ဖွဲ့လစာပမာဏ ဘယ်လောက်သုံးမယ်ဆိုတာကို ထရမ့်ပ်က မပြောခဲ့ပါဘူး။
အမေရိကန်အစိုးရဖွဲ့ ငွေကြေးအသုံးပြုပုံနဲ့ပတ်သက်ပြီး သဘောတူညီမှု မရသေးတာကြောင့် အစိုးရအလုပ်တွေ ရပ်ဆိုင်းထားရတဲ့ ၁၁ ရက်မြောက်နေ့မှာ တပ်ဖွဲ့တွေကို လစာပေးမဲ့ကိစ္စ ထရမ့်ပ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။
အစိုးရလုပ်ငန်းတွေ ဆက်ပြီးရပ်ဆိုင်းနေရင် အမေရိကန်စစ်တပ်ကို လစာပေးဖို့ သုတေသနနဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေထဲကနေ သုံးစွဲဖွယ်ရှိတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီဟာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တို့ကို ထိန်းချုပ်ထားနိုင်ပေမဲ့ အထက်လွှတ်တော်မှာ အသုံးစရိတ် ဥပဒေမူကြမ်း အတည်ပြုနိုင်ဖို့ လိုအပ်ချက် မဲ ၆၀ ပြည့်ရမှာဖြစ်ပြီး ဒီမိုကရက်တစ်အမတ် ၇ ယောက်ရဲ့ ထောက်ခံမှုရဖို့ လိုအပ်နေပါတယ်။
Source: Reuters