
ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲငြိမ်သက်နေတာ ၂ ပတ်ခန့်ရှိနေပြီ ဖြစ်ပေမဲ့ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတယောက် သေဆုံးပြီး ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်ရွာထဲ ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ သေဆုံး ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
“လန်ဆယ်ရွာမှာ ကျတာ။ အရပ်သား တယောက်တော့ ဆုံးသွားတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်။ ပွဲချင်းပြီးတော့ မဟုတ်ဘူး ဆုံးတာက။ ဒဏ်ရာပြင်းထန်လို့ ညနေ ၄ ခွဲလောက်မှ ဆုံးသွားတာ။ ပြည်သူတွေ နေအိမ်တလုံးကတော့ မီးလောင်သွားတယ်။ အိမ်တလုံးကတော့ တဝက်လောင်သွားတယ်။”
စက်တင်ဘာ ၂၂ ရက်ကလည်း လဟယ်ဆင်တောင်ကုန်း တိုက်ပွဲပြင်းထန်ချိန် စစ်ကောင်စီတပ်က လန်ဆယ်ရွာထဲကိုလည်း ဗုံးကြဲခဲ့တာကြောင့် ကလေး ၂ ယောက်အပါအဝင် ၃ ယောက် သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့စက်တင်ဘာ ၁၉ ရက်ကစပြီး လန်ဆယ်ဒေသရဲ့ အဓိက ခံတပ်စခန်းကုန်းဖြစ်တဲ့ KIA သိမ်းပိုက်ထားတဲ့ လဟယ်ဆင်တပ်စခန်းကို ပြည်သူ့စစ်တပ်ပေါင်းစုတွေ အင်အား ၆၀၀ ခန့်နဲ့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး မြေပြင်နဲ့ ဝေဟင်ကပါ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။
စက်တင်ဘာ ၂၃ ရက်နေ့အထိ ၅ ရက်ဆက်တိုက် ခေါင်လန်ဖူးနဲ့လန်ဆယ်ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး လာဟီဆယ်စခန်းမြောက်ဘက်ခြမ်းက ကုန်းဘက်ကို၀င်ရောက်နေတဲ့ ပူတာအိုခြေလျင်တပ်ရင်း ခလရ ၁၃၈၊ ပြည်သူ့စစ်တပ်ဖွဲ့နဲ့ ပြည်သူ့စစ်မှုထမ်း စုစုပေါင်းအင်အား ၆၀၀ ခန့်ကို စက်တင်ဘာ ၂၃ ရက်က KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်ပေါင်းစုတွေ ဆုတ်ခွာသွားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဆုတ်ခွာသွားတဲ့ ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်နဲ့ စစ်ကော်မရှင်တပ်တွေက KIA နဲ့ မနီးမဝေး အကွာအဝေးမှာ စခန်းချနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
“အဲဒီနားက သူတို့စစ်ကြောင်းထိုးလာတုန်းက စခန်းတွေ ကျနော်တို့ သိမ်းလိုက်တဲ့နောက် သူတို့နည်းနည်း နောက်ဆုတ်သွားတာပေါ့။ သူတို့ပြန်ပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့လည်း ကြားသိရတယ်။ သေချာတော့ မသိရသေးဘူး။ စောင့်ကြည့်အနေအထားပေါ့။”
စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေ လှုပ်ရှားလာတဲ့ လာဟီဆင်ရှေ့တန်းစခန်းဟာ ခေါင်လန်ဖူးမြို့နယ်အတွက် အရေးပါတဲ့စခန်းဖြစ်တဲ့အပြင် အဲဒီလမ်းကြောင်းကနေတဆင့် လန်ဆယ်ရွှေမှော်ဒေသနဲ့ လန်ဆယ်ကနေတဆင့် ချီဖွေ၊ ပန်ဝါဘက်အထိ ကုန်းကြောင်းနဲ့ ဝင်ရောက်နိုင်တာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ချီဖွေခရိုင် ဆော့လော်မြိုနယ် ရွှေထွက်ဒေသဖြစ်တဲ့ လန်ဆယ်မြို့တခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က သိမ်းပိုက်ထားနိုင်ခဲ့တာပါ။
ခေါင်လန်းဖူး ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေ စုစုပေါင်းအင်အား ၈၀ ဝန်းကျင် ထိုင်ထားတဲ့ လာဟီဆင်ရှေ့တန်းစခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲ သိမ်းပိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဟန်န