
ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မှာ ရပ်ရွာလုံခြုံရေးအဖွဲ့ (ရလဖ) လို့ အတိုကောက်ခေါ်တဲ့ အပြာယူနီဖောင်းဝတ် ပြည်သူ့စစ်တွေက လူနေရပ်ကွက်တချို့မှာ စစ်ထဲဝင်ဖို့ လိုက်လံစည်းရုံးနေပါတယ်။
ရလဖ အဖွဲ့တွေဟာ လွိုင်ကော်မြို့ပေါ်က လူနေရပ်ကွက်တချို့မှာ လူငယ်လူရွယ်တွေကို စစ်မှုထမ်းဖို့ လိုက်လံစည်းရုံးတာတွေ လုပ်နေသလို ပြည်သူ့စစ်အဖွဲ့တွေထဲ ဝင်ဖို့ကိုလည်း နှိုးဆော်နေတာတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လွိုင်ကော်မြို့ခံတယောက်က “သူတို့မှာ လက်နက်ကိုင်ခွင့်မရှိဘူး။ သူတို့မှာရှိတာဆိုလို့ ဓားဦးချွန်တချောင်းနဲ့ လက်ပစ်ဗုံးတလုံး ဒါပဲရှိတယ်။ ဒါပေမဲ့ ဝတ်စုံဝတ်ထားတော့ အခွင့်အရေး ရှိတာပေါ့ကွယ်။ အာဏာနည်းနည်းရှိတာပေါ့ ဝတ်စုံဝတ်ထားတော့။ အခု သူတို့ (စစ်တပ်) က အခုလိုမျိုး ကျပ်သိန်း ၃၀ ပေးမယ်၊ ဝင်မလားဆိုရင် သူတို့မျိုးနွယ်စုတွေက ဝင်တာများတယ်။ ပြောမယ်ဆိုရင် စစ်မှုထမ်းဟောင်းတွေပေါ့ သူတို့မိသားစုတွေပေါ့။ သူတို့က စဝင်ပြီဆိုလို့ရှိရင် B.E လား စသုံးလုံးလား မသိဘူး၊ အဲဒီမှာ သင်တန်းသွားတက်ရတယ်။ သင်တန်း ၆ လ တက်ပြီးပြီဆိုရင် ပြည်သူ့စစ်က ဒီမြို့ပေါ်မှာပဲ နေရတယ်။ စစ်မှုထမ်းတွေကတော့ ရှေ့တန်းထွက်ရတယ်”လို့ ပြောပါတယ်။
ပြည်သူ့စစ်အဖွဲ့ထဲဝင်မယ်ဆိုရင် လစဥ် ထောက်ပံ့ကြေးရမှာဖြစ်ပြီး စစ်မှုထမ်းမယ်ဆိုရင် ကျပ် သိန်း ၃၀ ပေးမယ်ဆိုပြီး လိုက်လံစည်းရုံးနေတာမျိုးပဲ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ အပြာယူနီဖောင်းဝတ် ပြည်သူ့စစ်အဖွဲ့ကို စဖွဲ့တဲ့အချိန်တုန်းက ဧည့်စာရင်းစစ်တာနဲ့ လူကြီးလမ်းကြောင်း လုံခြုံရေးတွေမှာ ကနဦး အသုံးပြုခဲ့တာဖြစ်ပြီး လက်ရှိ ရွေးကောက်ပွဲလုပ်မယ့် လွိုင်ကော်မြို့မှာတော့ မြို့အဝင်အထွက် လုံခြုံရေးနဲ့ ကျောင်းတွေ ဈေးတွေမှာ အစောင့်သဘောအနေနဲ့ တွေ့ရတာများတယ်လို့ လွိုင်ကော်မြို့ခံက ဆက်ရှင်းပြပါတယ်။
“အသက်ကြီးပိုင်းတွေ လိုက်သွားတာများတယ်။ အခု မြို့ပေါ်မှာက စစ်သားနဲ့ သူတို့(အပြာယူနီဖောင်း)ပဲ ရှိတာဆိုတော့ သူတို့နဲ့နီးစပ်တဲ့ ရပ်ကွက်တွေထဲ လိုက်ပြီး တိုက်တွန်းနေတာ။ နာနတ်တောလို နေရာမျိုးလောက်ပဲ လူပြန်မနေသေးတာ။ လွိုင်ကော်မှာက တော်တော်များများ ရပ်ကွက်တွေက ပုံမှန်လိုဖြစ်နေကြပါပြီ။”
အဖွဲ့ဝင်အများစုဟာ စစ်မှုထမ်းဟောင်းတွေ အများဆုံးဖြစ်ပြီး အစိုးရဌာနကနေ အငြိမ်းစားယူထားတဲ့သူတွေနဲ့ ပြန်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
နေပြည်တော်နဲ့ မန္တလေးလို မြို့ကြီးတွေမှာတော့ အပြာယူနီဖောင်းဝတ် ပြည်သူ့စစ်တွေဟာ ရပ်ရွာလုံခြုံရေးခေါင်းစဥ်နဲ့ လူငယ်တွေ ဖမ်းဆီးတာ၊ နံပါတ်တုတ်တွေကိုင်ပြီး ခရီးသွား လမ်းမတွေပေါ်မှာ စစ်ဆေးမေးမြန်းတာတွေအတွက် စစ်ကောင်စီဘက်က အသုံးပြုနေတဲ့အဖွဲ့ပဲ ဖြစ်ပါတယ်။
မောရစ်