Home
သတင်းဓာတ်ပုံ
မြန်မာပြည်သစ် မဟာဗျူဟာရေးရာစကားဝိုင်း နယူးယောက်တွင် ကျင်းပ (ဓာတ်ပုံ)  
DVB
·
October 12, 2025

မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလလမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးနဲ့ ဩစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ် တို့ဦးဆောင်တဲ့ မြန်မာပြည်သစ် မဟာဗျူဟာရေးရာ စကားဝိုင်းကို အမေရိကန်နိုင်ငံ၊  နယူးယောက်မြို့မှာ ကျင်းပါတယ်။ 

“New Burma Strategic Dialogue”  မြန်မာပြည်သစ်မဟာဗျူဟာရေးရာစကားဝိုင်းကို ဒေသစံတော်ချိန်အောက်တိုဘာ ၉ရက်က အမေရိကန်ပြည်ထောင်စု Cornell University, Ithaca Campus မှာပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၁၁ ရက်နေ့က The Wagner Center, New York University မှာ ဆက်လက်ကျင်းပခဲ့တာပါ။

စကားဝိုင်းမှာ တွမ်အင်ဒရူးနဲ့ ပါမောက္ခရှောင်တာနယ်တို့ အပြင်  NYU Director John Gershman ၊ US immigration Attorney David Goldbas ၊ ဒေါက်တာမီမီဝင်းဘတ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်း၊ Myanmar Center ဦးဆောင်သူ ကိုရဲရင့်မြင့်မိုရ်တို့ ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံရေးအစုအဖွဲ့အသီးသီးရဲ့ အင်အားနဲ့  အနာဂတ်မြန်မာပြည်အရေးဟာ နိုင်ငံတကာစာမျက်နှာမှာ ပိုကောင်းတဲ့စေ့စပ်မှုရရှိနိုင်ရေးခေါင်းစဉ် ရှေးရှုချက်နဲ့ ဆွေးနွေးခဲ့ကြတာတွေ့ရပါတယ်။

၁၉၆၂ အာဏာသိမ်းကာလက စတင်ခဲ့တဲ့ မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ လက်ရှိ စစ်ကော်မရှင်ရဲ့အကြမ်းဖက်လုပ်ရပ်တွေနဲ့ အကျင့်ပျက်မှုတွေကို စနစ်တကျဆွေးနွေးခဲ့ကြပြီး မြန်မာပြည်သစ်အရေးမှာ ဒီမိုကရေစီကိုရပ်ခံပံ့ပိုးဖို့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတခု လိုအပ်တယ်လို့ ဆွေးနွေးသူတွေက ပြောပါတယ်။ 

မြန်မာပြည်တွင်းမှာ သန်းနဲ့ချီတဲ့ပြည်သူတွေဟာ အိုးအိမ်ဆုံးရှုံးတာ၊ နေရပ်စွန့်ခွာထွက်ပြေးနေရတာ၊ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေနဲ့ နေ့စဉ် ကြုံတွေ့နေရတာပါ။ စစ်အာဏာသိမ်း ၅ နှစ်နီးပါး ကာလအတွင်း ပြည်သူ ၇၀၀၀ ကျော် မတရားသတ်ဖြတ်ခံထားရပါတယ်။ 

ဒီအချက်အလက်တွေကိုတည်မှီပြီး  မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားနဲ့ မဟာဗျူဟာရေးရာတန်ဖိုး၊ သဘာဝအရင်းအမြစ်တွေ၊ စစ်အာသိမ်းမှုကြောင့် ပျက်စီးသွားတဲ့ နိုင်ငံ့စီးပွားရေး စတဲ့အချက်အလက်တွေကို စကားဝိုင်းမှာ အလေးထားဖော်ပြဆွေးနွေးခဲ့ကြပါတယ်။

ဒီအခြေအနေ၊ ပြဿနာအခင်းအကျင်းကနေ လွန်မြောက်နိုင်ဖို့ အမေရိကန်ပြည်ထောင်စု လွှတ်တော်အသီးသီးကို ထိစပ်ဆွေးနွေးနိုင်ရေး၊ မြန်မာ့အရေးမှာ အထောက်အပံ့ဖြစ်စေမယ့် ဥပဒေတွေကို ပိုပြီးအားကောင်းလာအောင် တိုးချဲ့ပြဋ္ဌာန်းနိုင်ရေး၊ ပြည်ပရောက်မြန်မာတွေရဲ့ သက်ဆိုင်ရာနယ်ပယ် ကျွမ်းကျင်မှုအရင်းအမြစ်တွေကို အသုံးပြုပြီး စစ်ကော်မရှင်ရဲ့ စီးပွားရေးအခြေခံတွေကို ချေဖျက်နိုင်ရေး စတဲ့အချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ဆွေးနွေးသူတွေက အကြံပြုတာ တွေ့ရပါတယ်။

လက်ရှိ ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေရဲ နယ်စပ်စည်းနယ်နိမိတ်တွေမှာလည်း တည်ငြိမ်လုံခြုံမှုမရှိတော့ဘဲ စစ်ကောင်စီရဲ့ လှည့်ဖြားပြောဆိုနေတာတွေကို ရှင်းရှင်းလင်းလင်း နိုင်ငံတကာက ငြင်းချက်ထုတ်နိုင်ဖို့ လိုအပ်တဲ့ အထောက်အထားတွေနဲ့ ဆောင်ရွက်မှုတွေကို ခိုင်မာမာပြုလုပ်နိုင်ဖို့လည်း ဦးတည်ဆွေးနွေးခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013