
နိုင်ငံတကာရေးရာ မတည်ငြိမ်မှုတွေကြောင့် အခုနှစ်မှာ စိန်ခေါ်မှုတွေရှိနေပေမဲ့ သံတမန်ရေးရာ တိုက်ပွဲမှာ ဆက်လက်အသာစီးယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်အနီးမှာ ဒေသစံတော်ချိန် စက်တင်ဘာ ၂၀ ရက်မွန်းလွဲပိုင်းက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီးဦးကျော်မိုးထွန်း ရာထူးတာဝန် ဆက်လက်ထမ်းဆောင်နိုင်ရေး အားပေးထောက်ခံပွဲ ကျင်းပတာမှာ သံအမတ်ကြီးကိုယ်တိုင် တက်ရောက်ပြီး ပြောကြားခဲ့တာပါ။
သံအမတ်ကြီးဦးကျော်မိုးထွန်းက “စိန်ခေါ်မှုကတော့ မရှိဘူးလားဆို အများကြီးရှိပါတယ်။ အဲဒီစိန်ခေါ်မှုတွေကို ကျနော်တို့ အတတ်နိုင်ဆုံး ကျော်ဖြတ်သွားဖို့ရှိပါမယ်။ အခု နိုင်ငံတကာမှာ ဖြစ်နေတဲ့ အခင်းအကျင်းတွေ ပြန်ကြည့်ပြန်ရင်လည်း ပြည်သူတွေ ကိုယ်တိုင်လည်း သိတယ်၊ အားမလိုအားမရဖြစ်တဲ့ဥစ္စာတွေ၊ ပြောလို့ခက်တဲ့ဟာက ပြည်သူတွေရဲ့ခံစားချက်ကို ကြည့်ပေးဖို့ ကူညီပေးဖို့ ဆိုတာတွေ ကျနော်တို့ တိုက်တွန်းတဲ့ဥစ္စာရှိတယ်။ ဒါပေမဲ့ တခါတလေမှာ နိုင်ငံတကာ အသိုက်အဝန်းတွေအနေနဲ့ သူတို့ရဲ့သက်ဆိုင်ရာနိုင်ငံတွေရဲ့အကျိုးကို ရှေးရှုပြီးတော့ လုပ်ဆောင်တာတွေ ရှိတယ်။ ဒါကလည်း သူတို့နိုင်ငံပြည်သူတွေရဲ့ အကျိုးကို ရှေးရှုပြီးတော့လုပ်တာ ဖြစ်တယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကျနော်တို့ပြည်သူတွေ အသက်ဆုံးရှုံးမှုတွေ၊ ခံစားမှုတွေကို နည်းနည်းလေးတော့ ကျနော်တို့ ပြောတာတွေကို နားထောင်ပြီးတော့ အရေးယူမှုပြုလုပ်ပေးကြပါ ဆိုတာကိုတော့ တောင်းဆိုရမယ့် တာဝန် ကျနော်တို့မှာ ရှိတယ်၊ ကျနော်တို့က ဆက်ကိုတောင်းဆိုရမှာပဲ။ ကျနော်တို့တွေအားလုံး စည်းလုံးညီညွတ်မှု ပိုပြီးတော့ ပြနိုင်လေလေ၊ ပိုပြီးတော့လုပ်နိုင်လေလေ ကျနော်တို့တော်လှန်ရေး အောင်နိုင်မယ်လို့ အပြည့်အဝယုံ ကြည်ပါတယ်။ ကျနော်တို့အရေးတော်ပုံ ပြည်သူ့အားနဲ့ အောင်ကိုအောင်ရမယ်လို့ အပြည့်အဝယုံကြည်ပါတယ်။”
စက်တင်ဘာ ၂၀ ရက် အကြိမ် ၈၀ မြောက်ကုလအထွေထွေညီလာခံမှာ နိုင်ငံတကာ ခေါင်းဆောင်တွေ စုစည်းနေတာဖြစ်တဲ့အတွက် ဒီရက်မှာ ကမ်ပိန်းပြုလုပ်ဖို့ မြန်မာ့အရေး ဆောင်ရွက်သူတွေက စီစဉ်ခဲ့ကြတာပါ။
နယူးယောက်မြို့မှာပြုလုပ်ခဲ့တဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို အားပေးထောက်ခံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်ရေးကူညီပေးဖို့ မြန်မာ့အရေး ဆောင်ရွက်သူတွေက နိုင်ငံတကာခေါင်းဆောင်တွေကို ရည်ရွယ် တိုက်တွန်းပါတယ်။
ပြည်သူ့ဂုဏ်ရည်အသင်း ဥက္ကဋ္ဌ ဒေါ်တင်တင်ညို “အမေဒေါ်အောင်ဆန်းစုကြည်အတွက်ကို ဆန္ဒဖော်ထုတ်ချင်ပါတယ်။ အမေဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ဆေးကုသခွင့်ရဖို့အတွက်ကို ကျမတို့က တောင်းဆိုပါတယ်။ အမေဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် ဖမ်းဆီးထားတဲ့ စစ်အာဏာရှင်တွေရဲ့ လက်အောက်ကနေ အမြန်ဆုံးလွတ်မြောက်ဖို့ကို တောင်းဆိုပါတယ်”လို့ ပြောပါတယ်။
စက်တင်ဘာလဆန်းကစပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို အားပေးထောက်ခံပွဲတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။
နိုင်ငံတကာရောက် မြန်မာ့အရေးဆောင်ရွက်သူတွေနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေနဲ့ တော်လှန်အနုပညာရှင်တွေလည်း ကမ်ပိန်းတွေမှာ ပူးပေါင်းပါဝင်နေကြ ပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးက “အမေရိကန်ပြည်ထောင်စုမှာလည်း နေရာတော်တော်များများမှာ ဆောင်ရွက်ကြပါတယ်။ အဲဒီလိုပဲ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ဒီလိုမျိုး ဆန္ဒဖော်ထုတ်ပွဲတွေလုပ်တာ ဒါအင်မတန်မှအရေး ကြီးပါတယ်။ ဒီလိုမျိုး ဆန္ဒဖော်ထုတ်မှုတွေ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက်ကြောင့် သံအမတ်ကြီးအနေနဲ့လည်း ပြည်သူလူထုကို ကိုယ်စားပြုတယ် ဆိုတဲ့ သတင်းစကား နိုင်ငံတကာကို ပြသရာရောက်တဲ့အတွက်ကြောင့် ဒါအရေးကြီးတဲ့ လှုပ်ရှားမှုတွေဖြစ်ပါတယ်”လို့ ပြောပါတယ်။
သရုပ်ဆောင် မင်းသား ခါရာက “UN လိုမျိုး အဖွဲ့အစည်းကြီးကြီးကို သူတို့ နားဝင်အောင် ပြောပြဖို့အတွက်က မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ တရားဝင်ကိုယ်စားလှယ်တယောက် လိုအပ်ပါတယ်။ အဲဒီကိုယ်စားလှယ်ကလည်း အမှန်တရားကို ချစ်မြတ်နိုးတဲ့သူဖြစ်ဖို့ လိုအပ်တယ်။ အမှန်တရားကို ပြောပေးချင်တဲ့စိတ်ရှိဖို့ လိုအပ်တယ်။ ပြည်သူအတွက် ပြည်သူကောင်းကျိုးကို တာဝန်ထမ်းပေးနိုင်မယ့် ဝန်ထမ်းတယောက် လိုအပ်ပါတယ်၊ အဲဒါက ဦးကျော်မိုးထွန်း ပါပဲ”လို့ ပြောပါတယ်။
ပြည်တွင်းစစ်မျက်နှာမှာ အသာစီးယူနိုင်ဖို့ အရေးကြီးနေသလို သံတမန်ရေးရာတိုက်ပွဲမှာလည်း အရေးကြီးနေတဲ့အတွက် ပြည်တွင်း ပြည်ပ တော်လှန်ရေးဦးဆောင်သူတွေ၊ တိုင်းရင်းသားတွေနဲ့ အဖွဲ့အစည်းအသီးသီးဟာ တညီတညွတ်တည်းရှိကြဖို့ လိုအပ်နေတယ်လို့ Save Myanmar-USA အဖွဲ့မှ မြန်မာ့အရေးဆောင်ရွက်သူ ဦးရင်အေးက မှတ်ချက်ပေးပါတယ်။
“နိုင်ငံတကာကို ရောက်တဲ့သူတွေအကုန်လုံး စည်းရုံးရေးအလုပ်တွေ၊ သံတမန်ရေးရာ အလုပ်တွေကို ဝိုင်းပြီးပါဝင်ပေးကြပါ။ ဒီအလုပ်တွေက ကျနော်တို့ နိုင်ငံတကာရောက်နေတဲ့ အင်အားစုတွေလုပ်ဖို့ လိုတယ်။ ပြီးတော့ ငွေကြေးရှာတဲ့အလုပ်တွေ ပိုက်ဆံနဲ့ ပံ့ပိုးတဲ့အလုပ်တွေ ဒါတွေလည်း အစွမ်းကုန်လုပ်ပေးကြပါ။ ဒီနှစ် ဒီကာလက အရေးကြီးတဲ့အချိန်ပါ၊ ခေါင်းဆောင်မှု တာဝန်ယူထားတဲ့ NUG ၊ NUCC ၊ CRPH သိပ်အရေးကြီးပါတယ်။ တိုင်းရင်းသားတွေနဲ့ အနာဂတ်အတွက် သဘောတူညီမှုရအောင် လုပ်ပြီးတော့ စစ်ကော်မရှင်ကို အပြုတ်ဖြုတ်ပြီးလို့ရှိရင် ကျနော်တို့အနာဂတ်ကို ကျနော်တို့အားလုံး ဆွေးနွေးတိုင်ပင်သွားကြမယ် ဆိုတဲ့ သဘောတူညီမှုကိုသာ ကမ္ဘာကြီးကို ချပြလိုက်နိုင်ရင် ကမ္ဘာကြီးက ကျနော်တို့ကို ချက်ချင်း အသိအမှတ်ပြုမှာ။ ကျနော်တို့ရဲ့ တရားဝင်မှု မြင့်လာမယ်၊ စစ်ကောင်စီရဲ့ တရားဝင်မှုက လုံးဝကျသွားမယ်၊ ကျနော်တို့ အောင်မြင်အောင်လုပ်နိုင်ဖို့အတွက် ဒီနေရာမှာ အဓိကထား တောင်းဆိုချင်ပါတယ်။”
သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ စစ်အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ကနေ လက်ရှိအချိန်အထိ ၄ နှစ်ကြာ ရာထူးတာဝန်ကို ဆက်ထိန်းထားနိုင်ခဲ့တာဖြစ်ပြီး အခုတကြိမ် တာဝန်ဆက် ထမ်းဆောင်ခွင့်ရမယ်ဆိုရင် ၅ နှစ်ဆက်တိုက် တာဝန်ဆက်ယူနိုင်မှာ ဖြစ်ပါတယ်။
သုတချမ်းသာ