ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ရာထူးတာဝန်မှာ ဆက်ထားဖို့အတွက် လူထုထောက်ခံပွဲကို ဒေသစံတော်ချိန် စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလရုံးချုပ်အနီးမှာကျင်းပခဲ့ပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်မြောက်ရေး၊ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာကလက်မခံရေး စတဲ့အချက်တွေကိုလည်း မြန်မာ့အရေးဆောင်ရွက်သူတွေက နိုင်ငံတကာခေါင်းဆောင်တွေဆီ ရည်ရွယ်ပြီး ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပါတယ်။
အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို နယူးယောက်မြို့မှာ စက်တင်ဘာ ၈ ရက်က စတင်ကျင်းပနေတာဖြစ်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းလည်း ပါဝင်တက်ရောက်နေပါတယ်။
နိုင်ငံတကာခေါင်းဆောင်တွေ စုစည်းမယ့် စက်တင်ဘာ ၂၀ ရက်နေ့ကို ပစ်မှတ်ထားပြီး မြန်မာ့အရေးဆောင်ရွက်သူတွေက ကမ်ပိန်းဖော်ဆောင်ဖို့ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်ကုလအထွေထွေညီလာခံကနေ ဖွဲ့စည်းလိုက်တဲ့ သံတမန်စိစစ်ရေးကော်မတီမှာ အမြဲတမ်းအဖွဲ့ဝင် အမေရိကန်၊ ရုရှား၊ တရုတ် နိုင်ငံတို့နဲ့အတူ အန်ဒိုရာ၊ ဘော့ဆွာနာ၊ ဒိုမီနီကန်၊ မလေးရှား၊ ဆီနီဂေါနဲ့ ထရီနီဒက်နဲ့ တိုဘာဂို နိုင်ငံတို့ ပါဝင်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့တဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ပြည်သူ့ဘက်က ရပ်တည်ပြီး သူ့ရဲ့ရာထူးတာဝန်ကို ၄ နှစ်ဆက်တိုက် ထိန်းထားနိုင်ခဲ့တာပါ။
အခု ၅ နှစ်မြောက်မှာတော့ ကမ္ဘာ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် စိုးရိမ်စရာအခြေအနေတချို့ ရှိနေပေမယ့် သံတမန်စိစစ်ရေးကော်မတီမှာ ၉ နိုင်ငံမှာ တရုတ်နဲ့ရုရှားကလွဲပြီး ကျန်တဲ့ ၇ နိုင်ငံက ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့အတွက် အလားအလာကောင်းတွေရှိနေပါတယ်။