Home
မြန်မာသတင်း
သံအမတ်ကြီးဦးကျော်မိုးထွန်း ရာထူးတာဝန်ဆက်ထိန်းနိုင်ရေး အလားအလာကောင်းနေဟု သုံးသပ်
DVB
·
September 15, 2025

အခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံကနေ ဖွဲ့စည်းပေးထားတဲ့ သံတမန်အရည်အချင်း စိစစ်ကော်မတီ (Credentials Committee)  မှာ ဒီမိုကရေစီနိုင်ငံအများစုပါဝင်တဲ့အတွက်  မြန်မာ သံအမတ်ကြီးဦးကျော်မိုးထွန်း ရာထူးတာဝန်ဆက်ထိန်းနိုင်ရေး အလားအလာကောင်းတွေ ပိုများနေတယ်လို့  မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း ရာထူးတာဝန်ဆက်ထိန်းထားနိုင်ရေး လူထုထောက်ခံပွဲကို စက်တင်ဘာ ၂၀ ရက်ကျရင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်နေရာအနီးမှာပြုလုပ်ဖို့ရှိသလို  ကနေဒါ၊ နယ်သာလန် စတဲ့ နိုင်ငံတွေမှာလည်းပြုလုပ်ဖို့ မြန်မာ့အရေးဆောင်ရွက်သူတွေက စီစဉ်ထားတာပါ။ 

အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို နယူးယောက်မြို့မှာ စက်တင်ဘာ ၈ ရက်နေ့ကစတင်ကျင်းပနေတာဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စား  သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ အဖွဲ့ ပါဝင်တက်ရောက်နေပါတယ်။

နိုင်ငံတကာခေါင်းဆောင်တွေ စုစည်းမယ့် စက်တင်ဘာ ၂၀ ရက်နေ့ကို ပစ်မှတ်ထားပြီး မြန်မာ့ အရေးဆောင်ရွက်သူတွေက ကမ်ပိန်းဖော်ဆောင်ဖို့ပြင်ဆင်ထားတာဖြစ်ပါတယ်။ ဒီနှစ်ကုလအထွေထွေညီလာခံကနေ ဖွဲ့စည်းလိုက်တဲ့ Credentials Commmittee (သံတမန် အရည်အချင်း စိစစ်ရေးကော်မတီ) မှာ အမြဲတမ်းအဖွဲ့ဝင်အဖြစ် အမေရိကန်၊ ရုရှား၊ တရုတ် ၃ နိုင်ငံနဲ့အတူ အန်ဒိုရာ၊ ဘော့ဆွာနာ၊ ဒိုမီနီကန်၊ မလေးရှား၊ ဆီနီဂေါနဲ့ ထရီနီဒက်နဲ့ တိုဘာဂို စတဲ့ ၆ နိုင်ငံ၊ စုစုပေါင်း ၉ နိုင်ငံ ပါဝင်ပါတယ်။ 

နယူးယောက်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့ NYCBC အဖွဲ့မှ  ဦးနေတင်မြင့်က “ဒီနှစ်မှာတော့ကျနော်တို့ ယေဘုယျ ခြုံငုံသုံးသပ်ပြီးပြောရမယ်ဆိုရင်တော့ Credential ကော်မတီ အဓိကအားဖြင့် ၆ နိုင်ငံပေါ့လေ၊ ၃ နိုင်ငံက ပုံသေဖြစ်တဲ့အတွက် ၆ နိုင်ငံကတော့ ကျနော်တို့ ကြည့်ရတာတော့ အာဏာရှင်နိုင်ငံတွေ မဟုတ်ဘူး၊ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်နေတဲ့သူတွေ၊ ဒီမိုကရေစီမျိုးဆက်တွေကို ပြုစုပျိုးထောင်နေတဲ့နိုင်ငံတွေ ဖြစ်တယ်လို့ ယေဘုယျသုံးသပ်လို့ရတယ်၊ အဲ့ဒီအတွက် Credential ကော်မတီ ၉ နိုင်ငံကိုဖွဲ့တဲ့အခါမှာတော့ ဒီနှစ်မှာတော့ တခြားနှစ်ကနဲ့မတူဘဲနဲ့ ကျနော်တို့မှာ ရလဒ်ကောင်းတွေ ပိုထွက်နိုင်တယ်၊ အလားအလာရှိတယ်လို့ပဲ သုံးသပ်ချင်ပါတယ်၊ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာအစိုးရတွေမေးမြန်းနေတဲ့ ကျနော်တို့တွေကွဲ ပြားနေတာလား၊ ကျနော်တို့တွေစုစည်းညီညွတ်မှုမရှိဘူးဆိုတဲ့ အသံတွေထွက်နေတယ်၊ ဒါကြောင့်ကျနော်တို့က ဦးကျော်မိုးထွန်းကမ်ပိန်းနဲ့ပတ်သက်ပြီး ဘယ်လောက်ညီညွတ်မှုရှိသလဲ၊ One Title ၊ One Sologam ၊ One Unit ပေါ့၊ အဲ့ဒီလိုသွားတဲ့အတွက် ကျနော်တို့ရဲ့ညီညွတ်မှုအင်အားကို ကျနော်တို့ ဖော်ပြတာလည်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အမေရိကန်ရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေဟာ နိုင်ငံတကာစာမျက်နှာ သံတမန်ရေးရာတိုက်ပွဲမှာ ပြည်သူတွေဘက်က အသာစီးရဖို့ အားထုတ်နေကြတာဖြစ်ပါတယ်။

လတ်တလော သံအမတ်ကြီးဦးကျော်မိုးထွန်းအတွက် ကမ်ပိန်း၊ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးကမ်ပိန်းတွေ အပါအဝင် မြေပြင်မှာဒုက္ခဖြစ်နေတဲ့ မြန်မာပြည်သူတွေကို တတ်နိုင်တဲ့ဘက်က ကူညီနိုင်ဖို့ Global Meeting တွေ ဆက်တိုက်ခေါ်ယူနေတာပါ။

Save Myanmar-USA အဖွဲ့မှ ဦးရင်အေးက “မြန်မာပြည်သူတွေဒုက္ခရောက်နေတဲ့ကိစ္စ ကိုလုပ်နိုင်ဖို့ ကျနော်တို့အစွမ်းကုန်ကြိုးစားနေတယ်။ ကျနော်တို့အမေရိကန်တခုတည်းမှာ မဟုတ်ဘူး ကျန်တဲ့တိုင်းပြည်အသီးသီးမှာရောက်နေကြတဲ့ ကျနော်တို့အင်အားစုတွေကလည်း သက်ဆိုင်ရာအစိုးရတွေကို ချဉ်းကပ်ပြီးသွားနေကြတယ်၊ ဩစတြေးလျဆိုလည်း ဩစတြေးလျ၊ ဂျပန်၊ ကိုရီးယား၊ ဥရောပဆိုလည်း ဥရောပပေါ့နော် စသဖြင့်ချဉ်းကပ်ပြီး သွားနေကြတယ်ဆိုတဲ့အနေအထားမှာ ကျနော်တို့ US အနေနဲ့ ၂ ပိုင်းသွားနေတယ်၊ ကွန်ဂရက်စ်သွားတဲ့ကိစ္စက အခုထိအားကောင်းနေသေးတယ်၊ အားသာနေသေးတယ်၊ တောက်လျှောက် ဒီထက်ပိုပြီးပြင်းထန်တဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်လုပ်ဖို့ရှိ နေပါတယ်၊ နောက်တပိုင်းကတော့ သမ္မတထရမ့်ပ်အစိုးရကိုချဉ်းကပ်တဲ့အပိုင်း၊ ဒီအပိုင်းမှာတော့ ကျနော်တို့က သတိကြီးကြီးထားပြီးတော့ ချဉ်းကပ်နေရတဲ့အပိုင်းရှိပါတယ်။”

သံအမတ်ကြီးဦးကျော်မိုးထွန်းကို အားပေးထောက်ခံကြောင်းပြည်သူတွေရဲ့လက်မှတ်တွေကို ကောက်ယူပြီး အထွေထွေညီလာခံဆီတင်ပြဖို့လည်း မြန်မာ့အရေးဆောင်ရွက်သူတွေက ကြိုးစားနေကြတာလည်းရှိပါတယ်။

အွန်လိုင်းကနေ ပါဝင်လက်မှတ်ရေးထိုးနိုင်သလို မြေပြင်မှာလည်း လက်မှတ်ကောက်ယူတာတွေ ပြုလုပ်နေပါတယ်။

Learn and Share မှ  ဦးကိုကိုလေးက “နည်းပညာနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိ တဲ့လူကြီးတွေအတွက် ဆိုလို့ရှိရင်လည်း တတ်နိုင်သမျှသူတို့တွေကို မြေပြင်မှာ ကောက်ဖို့အတွက်ကိုလည်း ကျနော်တို့က တိုက်တွန်းပါတယ်၊ ကျနော်တို့ ဆန်ဖရန်စစ္စကိုဗေးဧရိယာ၊ မြောက်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်ဘက်မှာတော့ ပွဲတွေရှိ တိုင်းရှိတိုင်း လုပ်ဆောင်နေကြတာ ရှိပါတယ်။ စိန်ခေါ်မှုတွေရှိသလို ကျနော်တို့ပြည်သူတွေဟာ အဓိကဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် ကျနော်တို့ လုပ်နေတဲ့အလုပ်ဆိုတာကလည်း ဘယ်သူခိုင်းလို့မှလုပ်တာ မဟုတ်ပါဘူး။ မိမိအသိစိတ်ဓာတ်နဲ့ ဆောင်ရွက်နေကြတာဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်း ပြည်ပ ညီအစ်ကိုမောင်နှမတွေ အားလုံးပူးပေါင်းပါဝင်ကြဖို့ မေတ္တာရပ်ခံပါတယ်”လို့ ပြောပါတယ်။ 

၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ပြည်သူ့ဘက်က ရပ်တည်ပြီး သူ့ရဲ့ရာထူးတာဝန်ကို ၄ နှစ်ဆက်တိုက် ထိန်းထားနိုင်ခဲ့တာပါ။

အခု ၅ နှစ်မြောက်မှာတော့ ကမ္ဘာ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် စိုးရိမ်စရာ အခြေအနေတချို့ရှိနေပေမဲ့ Credentials Committee ၉ နိုင်ငံမှာ တရုတ်နဲ့ ရုရှားကလွဲပြီး ကျန်တဲ့ ၇ နိုင်ငံက ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့အတွက် အလားအလာကောင်းတွေ ရှိနေတာ ဖြစ်ပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013