
အမှားအယွင်းများနေတဲ့ မဲဆန္ဒရှင်စာရင်း ကြေညာရက်ကို စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နောက်ထပ် ၇ ရက် ထပ်တိုးလိုက်တယ်လို့ အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်က လာမယ့် ဒီဇင်ဘာလမှာ လုပ်မယ့် ရွေးကောက်ပွဲအတွက် UEC က ပြည်သူတွေ မဲစာရင်း ကြည့်ရှုနိုင်ဖို့ ရက်ကို စက်တင်ဘာ ၃၀ ကနေ အောက်တိုဘာ ၁၃ ရက်အထိ ၁၄ ရက်ကြာ သတ်မှတ်ခဲ့တာပါ။
ဒါပေမဲ့ အဲဒီမဲစာရင်းကို ပြည်သူတွေက စိတ်မဝင်စားဘဲ ကြည့်ရှုသူ နည်းသလို မဲစာရင်းတွေ အကြီးအကျယ် မှားယွင်းနေကြောင်း စစ်တပ်ထောက်ခံသူတွေကိုယ်တိုင် ဝေဖန်လာတဲ့နောက်မှာ မဲစာရင်းကပ်ထားမဲ့ ကြာမြင့်ချိန်ကို ၇ ရက် ထပ်တိုးပြီး အောက်တိုဘာ ၂၀ ရက်အထိ ကပ်ထားမယ့်အကြောင်း ပြောလာတာဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းနေတယ်လို့ အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းခဲ့ပေမဲ့ ၂၀၂၅ ရွေးကောက်ပွဲအတွက် ထုတ်ပြန်တဲ့မဲစာရင်းတွေထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ အမည်တောင် မပါဝင်ခဲ့တာဖြစ်ပါတယ်။
အဲလိုမျိုး နေပြည်တော်ကောင်စီနယ်မြေမှာတောင် အမှားများနေတဲ့အကြောင်း ရုပ်သံထုတ်လွှင့်ပြီး ပြောခဲ့တဲ့ ဦးလှဆွေကိုလည်း စစ်တပ်က ဖမ်းဆီးစစ်ဆေးခဲ့ပါသေးတယ်။