
မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတပုံကျော်ဖြစ်တဲ့ လူငယ်တွေဟာ မကြုံစဘူး မရေရာတဲ့ သင်ယူမှု အခြေအနေတွေ ရင်ဆိုင်နေကြရပြီး နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းလာမှုနဲ့ လူမှုဘဝဆိုင်ရာ ပြဿနာတွေအကြားမှာ လူငယ်တွေရဲ့ ပညာရေးနဲ့ ဝင်ငွေရရှိမှုလမ်းကြောင်းတွေ ဆိုးရွား ယိုယွင်းလာနေတယ်လို့ ကုလသမဂ္ဂအေဂျင်စီတခုရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မြန်မာ့လူငယ်တွေရဲ့ “အနာဂတ် ရပ်တန့်ခံ” အခြေအနေကို ရောက်ရှိနေပြီး သူတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်တွေကို အကောင်အထည် မဖော်နိုင် ဖြစ်နေခဲ့တယ်လို့ အောက်တိုဘာ ၂ ရက်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ အဆင့်မြင့်ပညာ အောင်မြင်ထားသူတွေတောင် အလုပ်အကိုင်ရှာဖွေဖို့ ရုန်းကန်နေကြရပြီး အထူးသဖြင့် အမျိုးသမီးငယ်တွေမှာ ပိုမိုဖြစ်ပေါ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီလိုအခြေအနေတွေမှာ ပညာရေးဆိုင်ရာ ဘွဲ့လက်မှတ်တွေနဲ့ ရရှိနိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေအကြား ချိတ်ဆက်မှု ကင်းမဲ့နေတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့လို မြို့ပြတွေမှာ နေထိုင်တဲ့ အဆင့်မြင့်ပညာ ပြီးမြောက်ထားတဲ့ လူငယ်တွေတောင်မှ အလုပ်အကိုင် ရှားပါးမှုကြောင့် အနာဂတ်ပျောက်နေတဲ့ အခြေအနေကို ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။
လူငယ်တွေဟာ တနေ့တာ စားဝတ်နေရေးကို မဖြစ်မနေ ဖြေရှင်းဖို့အတွက် ဘဝတိုးတက်ရေးအတွက် ပညာရေးကဏ္ဍမှာ ရင်းနှီးမှုမလုပ်နိုင်ဘဲ အနာဂတ် မရေရာဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့က လူငယ်တယောက်က “လမ်းပျောက်နေကြတာပေါ့၊ အရွေ့မဖြစ်ဘဲ လည်နေတယ်၊ လုပ်တော့လုပ်နေတယ်၊ ဒါပေမဲ့ မရွေ့ဘူးဖြစ်နေတယ်။ ကျနော်ဆိုလည်း အင်ဂျင်နီယာဘွဲ့နဲ့ ပြီးထားတာပေါ့၊ ကျနော်တို့ အလုပ်ရှာတဲ့အခါမှာလည်း ကိုယ်ရထားတဲ့ဘွဲ့နဲ့ ၁၀၀ ရာခိုင်နှုန်း လုပ်ချင်တဲ့အလုပ် ထပ်တူမကျဘူးပေါ့လေ။ ဒါပေမဲ့ ခေတ်အခြေအနေအရ ကျနော်တို့ လုပ်ရတာတွေ ရှိတယ်။ စားဝတ်နေရေးအတွက်ပဲဖြစ်ဖြစ်၊ ကိုယ်မျှော်မှန်းထားတဲ့ အကြောင်းအရာ တခုကြောင့်ပဲဖြစ်ဖြစ် ကိုယ်ရထားတဲ့ဘွဲ့နဲ့ ထပ်တူမကျရင်တောင် အလုပ်မှာ ဝင်လုပ်ရတာတွေ ရှိတယ်။ ကိုယ့်ရဲ့တက်လမ်းဖြစ်တဲ့ SKILL တွေကို ထပ်မဖြည့်နိုင်ဘူး၊ ဒီစားဝတ်နေရေးအတွက်ပဲ ရုန်းကန်နေရတယ်” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေ မရှိကြသလို ရှိပြီးသား အလုပ်အကိုင်တွေဟာလည်း နိုင်ငံတွင်းက ပြန်လည်ထွက်ခွာသွားတာတွေကလည်း အလုပ်အကိုင် ရှားပါးရတဲ့ အကြောင်းအရင်းဖြစ်နေတယ်လို့ လူငယ်တွေက ဆိုပါတယ်။
အလုပ်လက်မဲ့ရာခိုင်နှုန်းဟာ ကျေးလက်ဒေသတွေမှာ ၅ ယောက်မှာ ၄ ယောက်နီးပါးအထိ မြင့်တက်လာပြီး အထူးသဖြင့် တနင်္သာရီ၊ ချင်း၊ စစ်ကိုင်းနဲ့ ကရင်တို့မှာ အလုပ်လက်မဲ့ အများဆုံး ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ကောင်စီက အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများစုဟာ နိုင်ငံပြင်ပကို ထွက်ပြေးခဲ့ကြရပြီး ပြည်ပနိုင်ငံတွေမှာလည်း အလုပ်အကိုင်ရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ လူငယ်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံရောက် လူငယ်တယောက်က “ပြည်တွင်းမှာလည်း အခက်အခဲတွေ ကြုံတွေ့နေရတာမျိုး ရှိတယ်။ စစ်တပ်ရဲ့ ဖမ်းဆီးတာကို ရှောင်တိမ်းရတာတွေ၊ ပြည်ပနိုင်ငံကို မထွက်ခွာခင် ပြည်တွင်းမှာ ခိုးကြောင်ခိုးဝှက် နေရတာမျိုးတွေ ရှိတယ်။ ပြည်ပရောက်လာတော့လည်း တရားဝင်နေထိုင်လို့ မရတဲ့ အနေအထားတွေ ရှိတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်ပမှာ အလုပ်ကောင်းတခုရဖို့ အလုပ်အဆင်ပြေဖို့ဆိုတာ တော်တော်လေးခက်ခဲတယ်။ အလုပ်ကောင်းတခုရဖို့ဆိုရင် ကိုယ့်ဘက်က စိုက်ထုတ်ရတဲ့အားနဲ့ ကိုယ်ရတဲ့ပိုက်ဆံနဲ့ မလောက်ငတာမျိုးတွေ ရှိတယ်ဗျာ။ အဓိကကတော့ မြန်မာနိုင်ငံသားတွေဖြစ်နေလို့ အခုလိုမျိုး ပိုပြီးခက်ခဲနေတယ်၊ ကျပ်တည်းနေတယ်လို့ ထင်တယ်ဗျာ” လို့ ပြောပါတယ်။
နိုင်ငံတွင်းက လူငယ် ၄ သန်းနီးပါးဟာ အလုပ်လက်မဲ့ဖြစ်နေပြီး အလုပ်လုပ်ကိုင်နေသူ လူငယ်အများစုဟာလည်း မိမိပိုင် လယ်ယာလုပ်ငန်းတွေ ဒါမှမဟုတ် ယာယီ နေ့စားအလုပ်တွေလို ပုံမှန်မဟုတ်တဲ့ အလွတ်သဘော ကဏ္ဍတွေမှာ လုပ်ကိုင်နေကြပြီး ဝင်ငွေထိခိုက်မှုတွေနဲ့ စီးပွားရေး မတည်မငြိမ်ဖြစ်မှုတွေကို ခံစားနေရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သီရိ