
မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ စစ်မှုထမ်းအခြေအနေတွေကြောင့် ပြည်ပထွက်ခွာလိုတဲ့ လူငယ်တွေ ပိုတိုးလာနေပြီး လူငယ်တွေကို ပြုစုပျိုးထောင်ရာမှာ ရင်းနှီးမြှုပ်နှံကြဖို့လိုတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ် (UNDP) ကတိုက်တွန်းလိုက်ပါတယ်။
ဩဂုတ် ၁၂ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် UNDP ထုတ်ပြန်တဲ့ “ဌာနေဝေးမျိုးဆက်သစ်၊ လူငယ့် သဘောထားနှင့် ရွှေ့ပြောင်းအခြေချနေထိုင်ခြင်း” အစီရင်ခံစာမှာ မြန်မာနိုင်ငံက လူငယ် ၁၀ ယောက်မှာ ၄ ယောက်က နိုင်ငံအတွင်းက ထွက်ခွာလိုကြတဲ့အကြောင်း စစ်တမ်း ကောက်ယူ ဖော်ပြထားတာ ဖြစ်ပါတယ်။
UNDP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် တိုင်တန်မီတြာက လူငယ်တွေဟာ ခေတ်အပြောင်းအလဲရဲ့ မောင်းနှင်အားဖြစ်ပြီး မြန်မာနိုင်ငံတွင်းမှာ နေထိုင်နေသည်ဖြစ်စေ၊ နိုင်ငံက ထွက်ခွာသွားသည်ဖြစ်စေ လူငယ်တွေကို ပြုစုပျိုးထောင်ရာမှာ ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။
“အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင် လူငယ်များသည် အနာဂတ်သာမကဘဲ ယနေ့ခေတ် အပြောင်းအလဲ၏ မောင်းနှင်အားဖြစ်ကြောင်း ကျွန်ုပ်တို့ သတိပြုမိပါသည်။ ဒီအစီရင်ခံစာက မြန်မာနိုင်ငံတွင်း နေထိုင်နေသည်ဖြစ်စေ၊ နိုင်ငံအတွင်းမှ ထွက်ခွာသွားသည်ဖြစ်စေ လူငယ်များကို ပြုစုပျိုးထောင်ရာတွင် ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်းနှိုးဆော်တာလည်း ဖြစ်ပါတယ်။ ဒါမှ ထိုလူငယ်များသည် အားလုံးပါဝင်ကြတဲ့ ငြိမ်းချမ်းသာယာဝပြောသော အနာဂတ်နိုင်ငံတခုကို ပုံဖော်နိုင်ကြမှာ ဖြစ်ပါတယ်။”
မြန်မာပြည်က လူငယ်အများစု သွားလိုတဲ့နိုင်ငံက ဂျပန်နိုင်ငံဖြစ်ပြီး လက်တွေ့မှာတော့ ထိုင်းနိုင်ငံက သွားရောက်မှု အများဆုံးနိုင်ငံ ဖြစ်နေကြောင်း သိရပါတယ်။
မိသားစုရဲ့ စီးပွားရေးအခြေအနေနဲ့ အတတ်ပညာတခုရရှိဖို့ ခက်ခဲနေတဲ့အတွက် ထိုင်းနိုင်ငံရဲ့ စားသောက်ဆိုင်လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်နေကြောင်း အသက် ၂၄ နှစ်အရွယ် လူငယ်တယောက်က ပြောပြပါတယ်။
“အဓိကကတော့ အများကြီးပဲပေါ့၊ အိမ်စီးပွားရေးကြောင့်ရော ရှုပ်ထွေးတဲ့ နိုင်ငံရေးအခြေအနေတွေ ကြောင့်ရော၊ နေဖို့ရာ ဘယ်လိုမှ မလုံခြုံတော့တဲ့ အခြေအနေမို့လို့ ဒီဘက်ကို ထွက်လာခဲ့တာ။ ကျနော့်ဘော်ဒါတွေရော ကျနော်နဲ့ရွယ်တူ လုပ်ဖော်ကိုင်ဖက်တွေရော ကိုယ့်နိုင်ငံပြန်မယ်ဆိုတဲ့စိတ်ပဲ အပြည့်အဝရှိကြတယ်။ အမှန်အတိုင်းပြောရရင် ကိုယ့်ရပ်ကိုယ့်ရွာကိုပဲ လုပ်ပေးချင်တယ်ဗျာ၊ ကျနော်တို့ လုပ်အားတွေ၊ ကျနော်တို့တတ်တဲ့ ပညာတွေနဲ့ အလုပ်အကျွေးပြုချင်တယ်။ ဒါပေမဲ့ ပြန်လို့မရတဲ့ အခြေအနေကြောင့်သာ ဒီမှာနေနေကြတာ။ အခုကြုံရတဲ့ ငလျင်ဘေးဆိုလည်း ငလျင်ကြောင့် လူတွေအများကြီး အသက်တွေ ဆုံးရှုံးတာတွေပေါ့၊ သွားပြီး ကူညီပေးချင်တယ်ဗျာ၊ ကယ်ဆယ်ရေးတွေ လုပ်ချင်ပေမဲ့ ကျနော်တို့ဘဝတွေ ဘယ်လိုမှ လုံခြုံမှုမရှိဘူး။ မရှိတော့ ကျနော်တို့ ဘာမှ သွားပြီး မလုပ်ပေးနိုင်ဘူး။”
အစီရင်ခံစာအရ လူငယ်တွေက နောက်လာမယ့် ၅ နှစ်အတွင်း တိုင်းပြည် ပြန်လည်ကောင်းမွန်လာချိန်မှာတော့ မြန်မာနိုင်ငံပြန်လာပြီး တိုင်းပြည်ဖွံ့ဖြိုးရေးမှာ ပါဝင်ကြဖို့ ကောင်းမွန်တဲ့ဆန္ဒတွေ ရှိနေကြပြီး လက်ရှိမှာတော့ လူငယ် ၄၇ ရာခိုင်နှုန်းက ခရီးသွားစာရွက်စာတမ်းနဲ့ လုံခြုံရေး အာမခံချက် မရှိဘဲ တရားမဝင် လမ်းကြောင်းတွေကနေ တဆင့် သွားနေရတယ်လို့လည်း သိရပါတယ်။
နေရာပေါင်းစုံ ကဏ္ဍအသီးသီးက လူငယ်တွေ စုစည်းထားတဲ့ The Space Learning center တည်ထောင်သူ မနန့်မေကတော့ လူငယ်တွေ နိုင်ငံပြင်ပ ထွက်ခွာလာမှုကြောင့် တိုင်းပြည်ရဲ့ ဆုံးရှုံးမှုတွေ ကြီးမားနိုင်ကြောင်း ပြောပြပါတယ်။
“ဒီအသက်အရွယ် အပိုင်းအခြားထဲမှာ ရှိနေတဲ့ လူငယ်တွေအနေနဲ့ ပြည်တွင်းမှာ ဆက်နေနိုင်မှုက တော်တော်လေး အခက်အခဲ အကျပ်အတည်း ဖြစ်တယ်။ ဘက်ပေါင်းစုံက ဖိအားတွေရှိတယ်။ ဒါကြောင့် နိုင်ငံခြားကိုထွက်ဖို့ ကြိုးစားတာ၊ လွတ်မြောက်နယ်မြေကို ထွက်ဖို့ ကြိုးစားတာ ဒီအခြေအနေမှာ ပိုများနေမှာပဲ ဟုတ်တယ်ပေါ့။ resource ရှိတဲ့သူက လူငယ်တွေမှာရယ် မဟုတ်ဘူး၊ လူကြီးတွေရော၊ မြန်မာနိုင်ငံရဲ့ reforms ကို ကောင်းကောင်းမွန်မွန် လုပ်နိုင်တဲ့လူတွေရော အကုန်လုံးက မြန်မာပြည်ထဲမှာနေဖို့ အခက်အခဲရှိတဲ့ အနေအထား ဖြစ်တာကိုး။ အဲဒီဆုံးရှုံးမှုက ပြောပြဖို့ ခက်ခဲတယ်။ ဒီဆုံးရှုံးမှုကို ကြည့်နေခြင်းဖြင့် မြန်မာနိုင်ငံရဲ့ reforms က ဘယ်လောက်တောင်ကြာသွားမလဲ၊ process by process ဒီလောက် ပျက်သုဉ်းသွားမလဲ၊ ဘယ်လောက်တောင် ပြန်ရုန်းကန်ရမလဲ ဆိုတာ အများကြီးမြင်သာပါတယ်။”
နိုင်ငံတဝန်းက လူငယ် ၇,၀၀၀ ကျော်ကို စစ်တမ်းပြုလုပ်ခဲ့ရာမှာ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း ရှိတဲ့ လူငယ် ၁၀ ယောက်မှာ ၄ ယောက်က အခုလို ပြည်ပထွက်ခွာဖို့ ကြိုးပမ်းနေချိန်မှာပဲ ကျန်းမာရေး၊ ပညာရေးနဲ့ အင်ဂျင်နီယာ စတဲ့ကဏ္ဍက ပညာတတ်လူငယ် ၃၅ ရာခိုင်နှုန်းကလည်း နိုင်ငံအတွင်းက ထွက်ခွာဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
ပညာအရည်အချင်းမြင့်မားတဲ့ လူငယ်တွေ ပြည်ပ ရွှေ့ပြောင်းအခြေချဖို့ စဉ်းစားနေမှု ပိုတိုးလာတဲ့ အတွက် မြန်မာနိုင်ငံမှာ “ဦးနှောက်ယိုစီးမှု” ဖြစ်လာနိုင်ခြေ စိုးရိမ်မှုများ မြင့်တက်လာနေတယ်လို့ UNDP က ဆိုထားပါတယ်။
UNDP ရဲ့ အကြံပြုချက်အရ လူငယ်တွေအတွက် စီးပွားရေးနဲ့ ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေ ဖန်တီးပေးတာ၊ ပြည်ပထွက်ခွာသွားသူတွေနဲ့ ထိတွေ့ဆက်ဆံရေး တည်ဆောက်ထားတာ၊ ရွှေ့ပြောင်းအလုပ်သမား လူငယ်တွေအတွက် ဘေးကင်းပြီး တရားဝင်ရွှေ့ပြောင်းသွားလာနိုင်တဲ့ လမ်းကြောင်းတွေ တိုးချဲ့ဆောင်ရွက်ပေးတာတွေကို လုပ်ဆောင်ပေးသင့်ကြောင်း ဖော်ပြထားပါတယ်။
ဝေဝေ