
ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်စခွန်းမြို့၊ ထာ့ဆိုင်းရပ်ကွက်မှာ သင်္ကြန်ကာလ ဧပြီ ၁၄ ရက် ညနေပိုင်းက မြန်မာအလုပ်သမား လူငယ်ချင်း အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားပြီး တယောက် သေဆုံးသွားတယ်လို့ Siamrath ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထာ့ဆိုင်းရပ်ကွက် ၁၇ လမ်းထိပ်မှာ လူငယ်တယောက် ဓားထိုးခံရပြီး လဲကျသွားကြောင်း သတင်းပေးချက်ရတာကြောင့် အရေးပေါ်လူနာတင်ကား၊ ကယ်ဆယ်ရေးအဖွဲ့၊ သက်သေခံ စိစစ်ရေးရဲတပ်ဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ စမွတ်စခွန်းနယ်မြေ ရဲတပ်ဖွဲ့ စခန်းမှူး ရဲမှူး ဖိချိတ်ဖုန်းကျဲင့်ခိုင်ခုမ်းက သတင်းထောက်တွေကို ပြောပါတယ်။
အခင်းဖြစ်ပွားရာ နေရာမှာ လူငယ်တယောက် ပက်လက်အနေအထားနဲ့ သွေးအိုင်ထဲမှာ လဲနေတယ်၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာ ဓားထိုးခံရတဲ့ဒဏ်ရာတွေရှိပြီး တာဝန်ရှိသူတွေ ရောက်သွားချိန် အသက်မရှိတော့ဘူး၊ သေဆုံးသူမှာ အသက် ၂၆ နှစ်ရွယ်ရှိ မြန်မာအလုပ်သမား ဇေယျာကျော် ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူနဲ့ အပေါင်းပါတွေဟာ အမှတ် ၁၅ လမ်းထိပ်မှာ သင်္ကြန်ရေပက် ကစားနေကြတယ်၊ အဲဒီအချိန် နောက်မြန်မာလူငယ်တဖွဲ့က လမ်းထဲ ဝင်ရောက်လာတယ်၊ မိန်းကလေးတွေပါ ပါလာပြီး သေဆုံးသူက မိန်းကလေးတယောက်ရဲ့ ပါးကို ပေါင်ဒါနဲ့ သုတ်လိမ်းလိုက်တယ်၊ မိန်းကလေးရဲ့ ရည်းစားဖြစ်သူက မကျေနပ်လို့ ဆဲဆိုရာမှာ နှစ်ဖက် အပြန်အလှန် စကားများပြီး ထိုးကြိတ်ကြတယ်၊ သေဆုံးသူဟာ အထိုးခံရတဲ့ဒဏ်ရာနဲ့ ထွက်ပြေးစဉ် အမှတ် ၁၇ လမ်းထိပ် ရောက်တော့ ခလုတ်တိုက်ပြီး လဲကျသွားတယ်၊ အဲဒီအချိန်မှာ မိန်းကလေးရဲ့ ရည်းစားဖြစ်သူက အနောက်က ဓားနဲ့လိုက်လာပြီး လဲကျသွားတဲ့ ဇေယျာသော်ကို ဓားနဲ့ထိုးကာ တဖွဲ့လုံး ထွက်ပြေးသွားကြတယ်လို့ အနီးနားပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေက ပြောပါတယ်။
တာဝန်ရှိသူတွေက စီစီတီဗွီကင်မရာကနေ တရားခံတွေ လိုက်လံစုံစမ်းစစ်ဆေးရာမှာ နေ့မကူးခင်မှာဘဲ သူတို့အဖွဲ့သား ၄ ယောက်ကို စမွတ်စခွန်ရှိ နေအိမ်တစ်လုံးမှာ ကျူးလွန်စဉ် အသုံးပြုခဲ့တဲ့ ဓားနဲ့ ဆိုင်ကယ်ကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိသူတွေကတော့ အောင်ထွေး (၂၂ နှစ်) ၊ နိုင်နိုင်အောင် (၃၀ နှစ်)၊ ကောင်းခန့်ကျော် (၂၅ နှစ်)၊ နဒီဝင်း (၂၂ နှစ်) တို့ဖြစ်ကြတယ်။
ရဲစခန်းက သူတို့ ၄ ယောက်ကို တပါးသူ အသက်ဆုံးရှုံးသည်ထိ ပူးပေါင်းရိုက်နှက်ထိုးကြိတ်မှု၊ လူသတ်မှုတွေနဲ့ အရေးယူသွားမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: Siamrath