Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင်းက ထွက်ခွာလိုသူ လူငယ်အရေအတွက် တိုးလာနေကြောင်း UNDP သတိပေး
DVB
·
August 11, 2025

မြန်မာလူငယ် ၁၀ ယောက်မှာ ၄ ယောက်က ပဋိပက္ခ၊ စီးပွားရေးပြိုလဲမှုနဲ့ စစ်မှုထမ်း ကိစ္စရပ်တွေကြောင့် အခွင့်အခါပေးပါက နိုင်ငံတွင်းကနေ ထွက်ခွာလိုကြတဲ့အကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ် (UNDP) က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်တစောင်မှာ ဖော်ပြပါတယ်။

ဩဂုတ် ၁၂ ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် “ဌာနေ ဝေးမျိုးဆက်သစ်၊ လူငယ့်သဘောထားနှင့် ရွေ့ပြောင်းအခြေချနေထိုင်ခြင်း” အမည်နဲ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီးတော့  မြန်မာနိုင်ငံသမိုင်းမှာ အခက်ခဲဆုံးအချိန်ကာလတခုဆီ လျှောက်လှမ်းနေကြရတဲ့ လူငယ်တွေရဲ့ မျှော်လင့်ချက်၊ စိုးရိမ်ပူပန်မှုနဲ့ ရွှေ့ပြောင်းနေထိုင်မှုတွေအကြောင်းကို ထုတ်ဖော်ရေးသားထားတာ ဖြစ်ပါတယ်။

UNDP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် တိုက်တွန် မီတရာက “အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင် လူငယ်များသည် အနာဂတ်သာမကဘဲ ယနေ့ခေတ် အပြောင်းအလဲ၏ မောင်းနှင်အားဖြစ်ကြောင်း ကျွန်ုပ်တို့ သတိပြုမိပါသည်။ ဒီအစီရင်ခံစာက မြန်မာနိုင်ငံတွင်း နေထိုင်နေသည်ဖြစ်စေ၊ နိုင်ငံအတွင်းမှ ထွက်ခွာသွားသည်ဖြစ်စေ လူငယ်များကို ပြုစုပျိုးထောင်ရာတွင် ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်းနှိုးဆော်တာလည်း ဖြစ်ပါတယ်။ ဒါမှ ထိုလူငယ်များသည် အားလုံးပါဝင်ကြတဲ့ ငြိမ်းချမ်းသာယာဝပြောသော အနာဂတ် နိုင်ငံတခုကို ပုံဖော်နိုင်ကြမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ 

အစီရင်ခံစာမှာတော့ နိုင်ငံတဝန်း လူငယ် ၇၀၀၀ ကျော်ရဲ့ အမြင်တွေကို စုဆောင်းရယူ ထားတာဖြစ်ပြီးတော့ ပညာအရည်အချင်းမြင့်မားတဲ့ လူငယ်တွေမှာ ရွှေ့ပြောင်းအခြေချဖို့ စဉ်းစားကြတာ သိသိသာသာပိုများပြီး မြန်မာနိုင်ငံတွင်း ကျွမ်းကျင်လုပ်သား လိုအပ်ချိန် “ဦးနှောက်ယိုစီးမှု” ဖြစ်လာနိုင်ခြေ စိုးရိမ်မှုတွေလည်း မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း မြန်မာလူငယ်တွေရဲ့ နိုင်ငံနဲ့ အိမ်အပေါ် ခင်တွယ်မှုကို တွေ့ရသလို ရွှေ့ ပြောင်းလိုတဲ့ လူငယ် ၉၀ ရာခိုင်နှုန်းနီးပါးက နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေ ကောင်းမွန်လာပါက ပြန်လာမယ်လို့ ဖြေဆိုထားကြတာပါ။

လူငယ်တွေ အများစုက အနာဂတ်အတွက် အကောင်းမြင်နေကြဆဲဖြစ်ကာ ထက်ဝက်နီးပါးက မြန်မာလူငယ်တို့ဘဝဟာ နောင် ၅ နှစ်အတွင်း ပိုကောင်းလာမယ်လို့ ယုံကြည်ကြပြီး သုံးပုံနှစ်ပုံကတော့ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်နိုင်မယ်လို့  ယုံ ကြည်နေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။

UNDP အစီရင်ခံစာထဲမှာ တွေ့ရှိရတဲ့ အချက်အလက်အသစ်တွေအရ ပညာတတ်လူငယ်တွေရဲ့ ၅၃ ရာခိုင်နှုန်းက နိုင်ငံတွင်းက ထွက်ခွာဖို့ ဆန္ဒရှိနေကြပြီး ကျန်းမာရေး၊ ပညာရေးနဲ့ အင်ဂျင်နီယာ စတဲ့ ကဏ္ဍတွေမှာ ဦးနှောက်ယိုစိမ့်မှုကြောင့် ပြည်တွင်းလုပ်သား ရှားပါးလာနိုင်ချေ ရှိနေတာပါ။

ဂျပန်နိုင်ငံက လူငယ်အများစု အသွားချင်ဆုံးနိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံဟာလည်း လက်တွေ့မှာ သွားရောက်မှု အများဆုံး နိုင်ငံဖြစ်နေသေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူငယ် ၄၇ ရာခိုင်နှုန်းက ခရီးသွားစာရွက်စာတမ်းတွေ မရှိတာကြောင့် လုံခြုံရေး အာမခံချက်မရှိတဲ့ လမ်းကြောင်းတွေကတဆင့် သွားနေကြရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ လူငယ်တွေအတွက် စီးပွားရေးနဲ့ ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေ ဖန်တီးပေးတာ၊ တိုင်းပြည်ကနေ ထွက်ခွာသွားသူတွေနဲ့ ထိတွေ့ဆက်ဆံရေး တည်ဆောက်ထားတာ၊ ရွှေ့ပြောင်းအလုပ်သမားလူငယ်တွေ ခေါင်းပုံဖြတ်ခံရခြင်းကနေ ကာကွယ်ဖို့ ဘေးကင်းပြီး တရားဝင်ရွှေ့ပြောင်းသွားလာနိုင်တဲ့ လမ်းကြောင်းတွေ တိုးချဲ့ဆောင်ရွက်ပေးတာတွေ စတဲ့ အရေးတကြီး ဆောင်ရွက်သင့်တာတွေကိုလည်း UNDP အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Source ; UNDP

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013