
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ် အရှေ့ဘက် တောင်ပေါ်ဒေသရှိ ပြည်သူတွေ ယားနာဖြစ်ပွားမှု များပြားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် အဲဒီဒေသရှိ ကျေးလက်ဆေးခန်းမှာ ဆရာမတွေ မရှိတော့ဘဲ ကျန်မာရေး ကြည့်ရှုပေးတဲ့အဖွဲ့လည်း တနှစ်တခါလောက်သာ လာတဲ့အတွက် ယားနာဖြစ်တဲ့ ဒေသခံတွေ ဆေးကုသဖို့ အခက်အခဲရှိကြတယ်လို့ ဆိုပါတယ်။
ဒေသခံရွာသားတယောက်က “ဖြစ်နေတာ နှစ်လ သုံးလလောက် ရှိပြီ။ ဩဂုတ်လကတည်းက စဖြစ်တာ။ ဆေးလည်းမရှိတော့ မကုနိုင်ကြဘူး။ တယောက်နဲ့တယောက်လည်း ကူးတာမြန်တယ်။ ဒီဘက်က တောင်ယာတွေပဲလုပ်၊ မြို့နဲ့လည်းဝေးတော့ ဆေးရုံ ဆေးခန်းသွားဖို့လည်း အခက်အခဲရှိကြတယ်” လို့ ပြောပါတယ်။
ယားနာတွေဟာ ကိုးဒစ်ကျေးရွာအုပ်စုက ကိုးဒစ်တမော်ခို၊ ကိုးဒစ်လေးအိမ်စု၊ ကိုးဒစ်ရွာမ၊ ကိုးဒစ်ဘုန်းဆိုးကျေးရွာတွေက လူဦးရေ ၁၀၀ ကျော်မှာ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။
ကျေးရွာတာဝန်ခံတယောက်က “ဖြစ်နိုင်ရင် ကျန်းမာရေးအဖွဲ့က လာရောက် ကြည့်ရှုပေးစေချင်တယ်။ လူကြီးပိုင်းဖြစ်တာနည်းတယ်၊ ကလေးတွေ အဖြစ်များကြတယ်။ အရင်ကဖြစ်တဲ့သူ မကောင်းသေးဘူး၊ နောက်လူတွေပါ ထပ်ဖြစ်ကြတော့ ကူးစက်မှု ပိုများမှာ စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
ကိုးဒစ်ကျေးရွာအုပ်စုအပြင် တောင်မြင့်ကျေးရွာအုပ်စုနဲ့ အလယ်ချောင်းကျေးရွာအုပ်စု ဘက်မှာလည်း အရေပြားယားယံမှု ရောဂါကူးစက်မှုကို အနည်းငယ် တွေ့လာနေရတယ်လို့ ပြောပါတယ်။