Home
မြန်မာသတင်း
ကချင်ပြည်နယ်ရှိ စစ်တပ်၏ ကာကင်းစခန်းတချို့ကို KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်
DVB
·
October 8, 2025

ကချင်ပြည်နယ်၊ ဝိုင်းမော်နဲ့ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့နဲ့ စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ကာကင်းစခန်းတချို့ကို KIA ပူးပေါင်းအဖွဲ့က သိမ်းယူနိုင်ခဲ့တယ်လို့  KIA က ပြောပါတယ်။

အောက်တိုဘာလ အစောပိုင်းကစပြီး ဝိုင်းမော်မြို့၊ လမြန်ကျေးရွာတဝိုက်မှာ နေ့တိုင်းလိုလို တိုက်ပွဲပြင်းထန်နေပြီး အောက်တိုဘာ ၈ ရက် ဒီနေ့မှာလည်း ကာကင်းစခန်း ၂ ခုကို KIA ပူးပေါင်းအဖွဲ့က သိမ်းယူထားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ စစ်မျက်နှာပြင်က ရှေ့တန်း ကာကင်းစခန်းတွေကို အပြန်အလှန် သိမ်းပိုက်တဲ့ အခြေအနေ ဖြစ်တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ဝိုင်းမော် လမြန်ဘက်မှာ တိုက်ပွဲပြင်းထန်နေတာ သုံးလေးရက် ရှိနေပါပြီ။ ကာကင်းစခန်းတွေကတော့ စစ်ကောင်စီဘက်က သိမ်းလိုက်၊ ကျနော်တို့က သိမ်းလိုက်ပေါ့။ စစ်မြေပြင်ရဲ့ သဘောတရား ဖြစ်ပါတယ်။ တပ်စခန်းကြီး သိမ်းတာမျိုးတော့ မရှိသေးပါဘူး။ ဗန်းမော်ဘက်မှာ မြေပြင်တိုက်ပွဲပြင်းထန်နေတာ သုံးလေးရက် ရှိနေပါတယ်။ ရှေ့တန်း ကာကင်းစခန်းတွေကတော့ စစ်ကောင်စီက ပြန်သိမ်းလိုက်၊ ပြန်လက်လွှတ်လိုက်နဲ့ အခြေအနေ ဖြစ်ပါတယ်။”

ဗန်းမော်မြို့မှာလည်း စက်တင်ဘာလကုန်ပိုင်းက ရှေ့တန်း ကာကင်းစခန်းတချို့ကို KIA ပူးပေါင်းအဖွဲ့ သိမ်းယူနိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က စစ်ကြောင်းပြန်ထိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဧပြီလကစပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အင်အားကို ပြန်လည်စုဖွဲ့ပြီး မြေရှားထွက်တဲ့ ပန်ဝါဒေသ၊ ဝိုင်းမော်-ကန်ပိုင်တီ နယ်စပ်ကုန်သွယ်လမ်းပိုင်းနဲ့ ကျောက်စိမ်းထွက်တဲ့ ဖားကန့်ဒေသတွေကို ပြန်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးနေခဲ့တာပါ။

ဝိုင်းမော်-ကန်ပိုင်တီ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ လနဲ့ချီ ကြိုးပမ်းနေပေမဲ့ ဝိုင်းမော်အထွက် လမြန်ရွာကနေ ရှေ့ဆက်မတိုးနိုင် ဖြစ်နေပြီး ပန်ဝါဘက်ကို ပြည်သူ့စစ်အင်အားနဲ့ စစ်ကြောင်းထိုးရာမှာလည်း တိုးမပေါက်နိုင် ဖြစ်နေပါတယ်။

ဒါပေမဲ့ အင်အားအများအပြား အသုံးပြုကာ ဖားကန့်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကတော့ မြို့ထဲအထိ ဝင်ရောက်နိုင်ခဲ့ပြီး KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ရွာတွေကိုပါ စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013