
အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်ဟာ အီတလီ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အီညာဇီယိုလာရူစ်ဆာနဲ့ အောက်တိုဘာ ၂ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ကင်မ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်ပေါ်က တဆင့် ခုလိုရေးသားမျှဝေထားခဲ့တာကို တွေ့ရပါတယ်။
“ကျနော့်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူလို့ မိတ်ဆက်လိုက်တဲ့အခါ လွှတ်တော် တက်ရောက်နေတဲ့ လက်ဝဲ၊ လက်ယာ နိုင်ငံရေးအဖွဲ့ နှစ်ဘက်စလုံး မတ်တတ်ထရပ်ပြီး လက်ခုပ်ဩဘာပေးကြတယ်။ အဲဒီအချိန်လေးဟာ နိုင်ငံရေးအမြင် ကွဲပြားမှုတွေ ကျော်လွန်ပြီး နှစ်ဘက်အတူတကွ ဂုဏ်ပြုလိုက်တဲ့ အဓိပ္ပာယ်အပြည့်ရှိတဲ့ အခိုက်အတန့်ပါပဲ။ မေမေ့ လွတ်မြောက်ရေးနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးဟာ နိုင်ငံရေးထက် ကျော်လွန်တယ်ဆိုတာ ပြသလိုက်တာ ဖြစ်တယ်။”
ဒါ့အပြင် ကင်မ်ဟာ ဒီခရီးစဉ်မှာ အီတလီ နိုင်ငံခြားရေး အထူးကော်မတီဥက္ကဋ္ဌ ဆီးနိတ်အမတ် ပီယာဖာဒီနန်ဒိုကာစီနီ နဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေးနဲ့ တရားမျှတမှုရရေးတို့အတွက် ပံ့ပိုးကူညီမှုတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ကင်မ်ဟာ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် တရုတ်အစိုးရအနေနဲ့ ကူညီပေးဖို့ တောင်းခံထားသလို ဒါဟာ သင့်မြတ်ပေါင်းစည်းမှုနဲ့ တည်ငြိမ်ရေးအတွက် အရေးအကြီးဆုံး ပထမခြေလှမ်း ဖြစ်တယ်လို့ ပြောထားပါတယ်။
အသက် ၈၀ အရွယ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတာ ၅ နှစ်နီးပါး ရှိနေပြီဖြစ်ကာ ပုဒ်မ ၁၄ ခုအတွက် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရပါတယ်။