Home
မြန်မာသတင်း
မောင်တော၌ ARSA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ
DVB
·
October 6, 2025

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လိပ်ရခွဆုံနဲ့ သာယာကုန်းကျေးရွာအကြား ကုန်ပစ္စည်း တင်ဆောင်လာတဲ့ အရပ်သားပြည်သူ ၃ ယောက်ကို ရိုဟင်ဂျာလက်နက်ကိုင် ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသားတယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၅ ရက် မနက် ၉ နာရီခွဲလောက်မှာ ARSA အဖွဲ့ရဲ့ တိုက်မိုင်းခွဲမှုနဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့်  အသက် ၂၈ နှစ် အရွယ် အောင်သာယာကျေးရွာက ကိုမင်းထွန်းအောင် ညာဘက်နဖူးမှာ ထိခိုက်ဒဏ်ရာရသွားတာလို့ ဆိုပါတယ်။

မနေ့မနက် ၉ နာရီခွဲလောက်မှာ ဦးနိုင်နိုင်ကျော်၊ ကိုအာကာအောင်နဲ့ ကိုမင်းထွန်းအောင်တို့ဟာ တောင်ပြိုဘက်ကနေ အောင်သာယာကျေးရွာကို ကုန်ပစ္စည်းတွေ ဆိုင်ကယ်နဲ့ တင်လာတဲ့အချိန် လိပ်ရခွဆုံနဲ့ သာယာကုန်းကျေးရွာကြားမှာ အခုလို ရိုဟင်ဂျာလက်နက်ကိုင် ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာပါ။

အလားတူပဲ အဲဒီနေ့တရက်တည်းမှာပဲ ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထောင်ထားတဲ့မိုင်းကို နင်းမိလို့ မောင်တောမြို့၊ လက်သာရပ်ကွက်၊ ဘာဆူဘကျေးရွာက အသက် ၉ နှစ်အရွယ် ဆွေယောဒ့်နူရ် ညာဘက်ခြေထောက်နဲ့ လက်တွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော် (AA) က ARSA လက်နက်ကိုင်တပ်ဖွဲ့တွေကို လိုက်လံရှင်းလင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တဖက်မှာလည်း ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ခြိမ်းခြောက်နေတဲ့အတွက် လုံခြုံရေး သတိရှိဖို့ AA က ထုတ်ပြန် သတိပေးထားပါတယ်။

ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO အဖွဲ့တွေရဲ့ ဥပဒေချိုးဖောက်မှုတွေ၊ အကြမ်းဖက်လှုပ်ရှားမှုတွေ ပိုများလာနေတဲ့အတွက် AA အနေနဲ့ နယ်စပ်လုံခြုံရေးကို အထူးတိုးမြှင့် လုပ်ဆောင်သွားမှာဖြစ်ပြီး ဒေသခံပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်း ပြောဆိုထားပါတယ်။

ဒါကြောင့် တောတွေနဲ့ လူပြတ်တဲ့နေရာတွေကို တယောက်တည်း ဒါမှမဟုတ် လူနည်းစုနဲ့ သွားလာတာ မလုပ်ကြဖို့၊ အရေးတကြီး သွားလာရဖို့ရှိပါက နီးစပ်ရာ အေအေရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတင်းပို့ပြီးမှ သွားလာကြဖို့ကိုလည်း သတိပေးထားပါတယ်။ 

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013