
ရခိုင်ရေပိုင်နက်အတွင်းကို ဝင်ရောက်ပြီး တရားမဝင် ငါးခိုးဖမ်းခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၁၄ ယောက်နဲ့ ငါးဖမ်းစက်လှေ ၂ စီးကို အာရက္ခတပ်တော် (AA) ရဲ့ ကမ်းခြေစောင့်တပ်က စက်တင်ဘာ ၃၀ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းသမားတွေဟာ ငါးဖမ်းစက်လှေတစင်းမှာ လူ ၇ ယောက်စီနဲ့ မောင်တောမြို့နယ် မြင်းလွတ်ကျေးရွာရဲ့ အနောက်ဘက်ရှိ ၄ ကီလိုမီတာလောက် အကွာအဝေးမှာ တစီးနဲ့ မောင်တောမြို့နယ် သဝင်ချောင်းကျေးရွာရဲ့ အနောက်ဘက် မီတာ ၈၀၀ လောက်အကွာမှာ တစီး ဖမ်းဆီးရမိခဲ့တာလို့ အာရက္ခတပ်တော် ကမ်းခြေစောင့်တပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ်က ရေပိုင်နက်ကျော်ပြီး ငါးခိုးဖမ်းတဲ့ ငါးဖမ်း Boat ၂ စီးနဲ့ ငါးဖမ်းသမား ၁၄ ယောက်ကို ဖမ်းဆီးထားတာရှိတယ်။ သူတို့က ရခိုင်ရေပိုင်နက်ကို ခိုးဝင်ပြီး ငါးဖမ်းကြတာကြောင့် ဖမ်းဆီးထားတာ။ သူတို့ကို တည်ဆဲဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတာရှိတယ်။”
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းသမားတွေဟာ ရခိုင်ရေပိုင်နက်ထဲကိုဝင်ပြီး ငါးခိုးဖမ်းကြတာကြောင့် မကြာခဏဆိုသလို AA တပ်က ဖမ်းဆီးခဲ့ပြီး အစောပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်နဲ့ ညှိနှိုင်းကာ ပြန်လွှတ်ပေးခဲ့တာရှိပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေဟာ ရခိုင်ရေပိုင်နက်ထဲကိုဝင်ပြီး ရခိုင်ငါးဖမ်းသမားတွေကို အုပ်စုဖွဲ့ အနိုင်ကျင့်ကြသလို စက်တင်ဘာ ၁၁ ရက်ကလည်း AA ရဲ့ ကမ်းခြေစောင့်တပ်က အရာရှိတယောက်နဲ့ တပ်ဖွဲ့ဝင်တယောက်ကိုသတ်ပြီး သေနတ်လုယူထွက်ပြေးသွားတယ်လို့ AA က ထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေ ဖမ်းဆီးခံထားရတာကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကလည်း အတည်ပြုထားပြီး AA ထံမှာ ဖမ်းဆီးခံထားရတဲ့ ငါးဖမ်းသမား ၁၁၄ ယောက်အထိ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းစာတွေက ဖော်ပြပါတယ်။
လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား နှစ်ဖက်ဆက်ဆံရေး တင်းမာနေပြီး နယ်စပ်ဖြတ်ကျော်မှုတွေကိုလည်း နှစ်ဖက်လုံးက တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။